အဲဗာတန်အသင်းတာဝန်ရှိသူတွေဟာ နည်းပြ ရာဖေးလ် ဘင်နီတက်ဇ်ကို ရာထူးကနေ ထုတ်ပယ်ပြီးရင် ဝိန်း ရူနီကို နည်းပြသစ်အဖြစ် ခေါ်ယူသွားဖို့ စဉ်စားနေတယ်လို့ သိရပါတယ်။

Everton Players Frustrated

Photo: Standard.co.uk

စပိန်လူမျိုးနည်းပြဟာ တနင်္ဂနွေနေ့က ခရစ္စတယ်ပဲလေ့စ်ကို အိမ်ကွင်းမှာ ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ဖိအားတွေ ပိုမိုမြင့်တက်လာနေသူဖြစ်ပြီး အဲဗာတန်အသင်းဟာ ယခုရာသီရဲ့ ၈ ပွဲမြောက်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ဘင်နီတက်ဇ်ဟာ အဲဗာတန်အသင်းရဲ့ ရှယ်ယာအများစုကို ပိုင်ဆိုင်ထားတဲ့ မိုရှီရီရဲ့ ထောက်ခံမှုကို ရရှိနေဆဲဖြစ်ပေမယ့် အစားထိုးဖို့ လိုအပ်လာမယ်ဆိုရင် လုပ်ဆောင်ရမယ့် အရေးပေါ်အစီအစဉ်ကတော့ ရေးဆွဲထားပြီးဖြစ်တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။

အဲဗာတန်အသင်းနဲ့ ဒါဘီကောင်တီနည်းပြ ဝိန်း ရူနီတို့ကြားမှာ တရားမဝင် ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး အဲဗာတန်မှာ ကစားသမားဘဝကို စတင်ခဲ့တဲ့ ယူနိုက်တက်ဂန္တဝင်တိုက်စစ်မှူးဟာ အသင်းအပေါ် သစ္စာ စောင့်သိနေဆဲဖြစ်ပါတယ်။ ဝိန်း ရူနီအနေနဲ့ အသင်းဟောင်းကို ကယ်တင်ပေးဖို့ ချဉ်းကပ်မှုတွေ ပြုလုပ်လာခဲ့ရင် ငြင်းပယ်ဖို့ ခက်ခဲမယ်ဆိုတာ သံသယဖြစ်စရာမရှိဘဲ အဲဗာတန်အသင်းရဲ့ ကြိုးပမ်းမှုတိုင်းက ဒါဘီကောင်တီနည်းပြအတွက်တော့ ခက်ခဲတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ရစေမှာ ဖြစ်ပါတယ်။

Everton Coach Rafa Benitez

Photo: Hindustantimes

ဘင်နီတက်ဇ်အနေနဲ့ အဆင့် ၁၄ နေရာမှာ ရပ်တည်နေရတဲ့ အဲဗာတန်အသင်းကို တန်းဆင်းဇုန်နားကနေ လွတ်အောင် တည့်မတ်ပေးဖို့ လိုအပ်နေပြီဖြစ်ပြီး ကြာသပတေးနေ့မှာ ချဲလ်ဆီးအိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ဂျ်ကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ထင်ထားသလောက်တော့ လွယ်ကူမှာမဟုတ်တာ သေချာပါတယ်။ ဒါ့အပြင် ခရစ္စတယ်ပဲလေ့စ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ကိုးမန်း၊ တောင်းဆန့်၊ ရစ်ချာလီဆန်တို့ ၃ ဦးစလုံး ဒဏ်ရာအသစ်တွေ ရရှိခဲ့တာကြောင့် ဘင်နီတက်ဇ်အတွက် အခြေအနေတွေက ပိုလို့တောင် ခက်ခဲလာတော့မှာဖြစ်ပါတယ်။

Featured Photo: Metro