လူတစ်ယောက်ရဲ့ ရုပ်ရည်ဟာ ပြုပြင်ထိန်းသိမ်းမှု မရှိရင် အလွယ်တကူ ပျက်စီးယိုယွင်းလွယ်ပါတယ်။ အသက်မကြီးသေးဘဲ ရုပ်ရင့်တဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။ နေရောင်အောက် အနေများတာ ၊ လေထုညစ်ညမ်းတာ ၊ အစားအသောက်မကောင်းတာ ၊ ဆေးလိပ်သောက်တာ ၊ အိပ်ရေးပျက်များတာ စတဲ့ အကြောင်းရင်းတွေမှ အများကြီး။
ရုပ်ရင့်စေတဲ့ အကြောင်းအရင်းတွေထဲမှာ တစ်ခါတစ်လေ ကိုယ်ဘာသာတောင် လုပ်နေမိမှန်း သတိမထားမိတဲ့ အကြောင်းရင်းတွေ ရှိပါတယ်။ အခုပြောမယ့် အချက်တွေကတော့ ဒီလို အကြောင်းရင်းတွေထဲကမှ အများဆုံး လုပ်မိတဲ့ အမှားတစ်ချို့အကြောင်းပဲ ဖြစ်ပါတယ်။

(၁) ရေပူချိုးခြင်း

Photo: fashionbeans

စိတ်ခံစားချက်ကို မြှင့်တင်နိုင်တယ်ဆိုတဲ့ အကြောင်းနဲ့ ရေပူချိုးကြသူတွေ အများကြီး ရှိကြပါတယ်။ ရေပူစိမ်မယ်ဆိုရင် အပူချိန်နဲ့ ကြာချိန်ကို သတိထားသင့်ပါတယ်။ ရေပူချိုးမယ်ဆိုရင် ၄၀ ဒီဂရီစင်တီဂရိတ်ထက် မကျော်သင့်သလို ၁၀ မိနစ်နဲ့ မိနစ် ၂၀ ထက်လည်း မကြာသင့်ပါဘူး။

နောက်တစ်ခုက သုံးတဲ့ ရေချိုးခန်းသုံးပစ္စည်းတွေကလည်း သတိပြုရမှာပါ။ အသားအရေခြောက်သွေ့ ယားယံသူဆိုရင် အစိုထိန်းခရမ် သုံးဖို့လိုပါတယ်။ Sodium Lauryl Sulfate (SLS) ပါတဲ့ အစိုထိန်းခရမ်ကတော့ အသားအရေ နုတဲ့သူတွေမှာ ယားယံနိုင်လို့ ‌ရှောင်ရမှာပါ။

(၂) ဆံထုံးထားခြင်း

Photo: fashionbeans

ဆံပင်အရှည်ကို စုထုံးထားတဲ့ Tight Bun ကလည်း ပြဿနာရှိပါတယ်။ ဆံပင် ထုံးထားတာ ရက် ၊ လ နေ့ရက် ကြာလာရင် ဆံပင်ကျွတ်တာ ၊ အလွန်သေးငယ်တဲ့ ဆံပင်အိတ်လေးတွေ ယောင်ယမ်းတာ ဖြစ်နိုင်ပါတယ်။ နောက်ဆုံးမှာ ဆံပင်ပါးပြီး ကျွတ်လာတာမျိုး ဖြစ်လာနိုင်ပါတယ်။

(၃) ညစာ နောက်ကျလွန်းပြီးမှ စားခြင်း

Photo: fashionbeans

အစားအသောက်ဟာ ခန္ဓာကိုယ်ကို တိုက်ရိုက်သက်ရောက်မှု ရှိပါတယ်။ ညစာကို အချိန်လွန်မှ စားတာဟာ ကယ်လိုရီတွေကို အဆီအဖြစ် ပိုစုလာနိုင်ပြီး ဝိတ်လည်း ပိုတက်လာစေနိုင်ပါတယ်။ အစားအသောက် စားသုံးမှု ပုံစံလွဲချော်လာခြင်းကြောင့် ကိုယ်တွင်းအပူချိန်တွေ မမျှတာ ၊ ဇီဝဓါတု တုန့်ပြန်ချက်တွေ မမှန်တာ ၊ဟော်မုန်းလယ်ဗယ် မမျှတာနဲ့ အစာချေဖျက်မှုပါ ပြဿနာ ရှိလာနိုင်ပါတယ်။ ကြာလာရင် အဆီအခေါက်တွေ တွဲပြီး ရုပ်အဆင်းပါ ထိခိုက်ပျက်ယွင်းနိုင်ပါတယ်။

(၄) ရေဗူးနဲ့ ရေသောက်ခြင်း

Photo: Pexels

ရေသောက်တာကြောင့် အသားအရေ စိုပြေကြည်လင်တယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။တစ်ခုရှိတာက ရေဗူးထဲ ရေထည့်သောက်တာ ၊ ရေကို ပိုက်နဲ့ သောက်တာဟာ ကျွန်တော်တို့ကိုယ်တိုင် မသိလိုက်ဘဲ အသားအရေပျက်စီးအိုမင်းအောင် လုပ်နေတာပါ။ ရေဗူးနဲ့ သောက်တာ ၊ ပိုက်နဲ့ သောက်တာဟာ ဆေးလိပ်သောက်ခြင်းကြောင့် ပါးစပ်နဲ့ ပါးတစ်ဝိုက်အရေးအကြောင်းထင်သလိုမျိုး ဖြစ်စေပါတယ်။
ဆေးလိပ်သောက်တာ မဟုတ်ဘဲ ရုပ်ရင့်တာကတော့ မဟုတ်သေးပါဘူးနော်။ ဒီတော့ ရေသောက်ရင် အကောင်းဆုံးက ဖန်ခွက်နဲ့ သောက်တာပဲ ဖြစ်ပါတယ်။