အသက် ၄၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဇင်ဘာဘွေ လက်ရွေးစင်ကစားသမားဟောင်း ချားလ်စ် ယိုဟာနီဟာ ကားလုခံရတဲ့ဖြစ်စဉ်မှာ သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့ပါတယ်။

R.I.P Charles Yohane

Photo: Daily Star

ယိုဟာနီဟာ ၂၀၀၄ ခုနှစ် အာဖရိကဖလားနဲ့ ၂၀၀၆ အာဖရိကဖလားပြိုင်ပွဲတို့မှာ ဇင်ဘာဘွေအသင်းအတွက် ပါဝင်ကစားပေးခဲ့တဲ့ ကစားသမားဖြစ်ပြီး ကံဆိုးစွာနဲ့ ဇင်ဘာဘွေအသင်းဟာ ၂ ကြိမ်စလုံးမှာ အုပ်စုကနေ ပြုတ်ခဲ့တာဖြစ်ပါတယ်။ ယိုဟာနီရဲ့ ကလပ်အသင်းကစားသမားဘဝကလည်း အာဖရိကမှာသာ ကျင်လည်ခဲ့ရပေမယ့်လည်း ကစားသမားဘဝကနေ အနားယူပြီးနောက် ယိုဟာနီဟာ ဂျိုဟန်နက်စ်ဘာ့ဂ်မှာ ဘောလုံးနည်းပြအဖြစ် လုပ်ကိုင်နေရင်း တစ်ဖက်တလမ်းက ဝင်ငွေပိုမိုရရှိအောင် အငှားယာဉ်မောင်းအဖြစ် အသက်မွေးဝမ်းကျောင်းနေခဲ့တာဖြစ်ပါတယ်။

ယိုဟာနီရဲ့ သက်မဲ့ရုပ်အလောင်းကို တနင်္လာနေ့က ဆိုဝီတိုမြို့မှာ တွေ့ရှိခဲ့ရပေမယ့် ဇင်ဘာဘွေလက်ရွေးစင်ဟောင်းဟာ စနေနေ့ညကတည်းက သေဆုံးခဲ့တာဖြစ်တယ်လို့ ယုံကြည်ရပါတယ်။ “သူ အနုကြမ်းစီးခံခဲ့ရတာပါ။ အနုကြမ်းသမားတွေက သူ့ကားကို ခိုးသွားပြီး သူ့ကိုလည်း ခေါင်းကို သေနတ်နဲ့ ပစ်သတ်သွားခဲ့ပါတယ်”လို့ ယိုဟာနီရဲ့ ညီ လူးဝစ်က ဘီဘီစီသတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ယိုဟာနီရဲ့ ဝမ်းနည်းကြေကွဲဖွယ် သေဆုံးမှုအတွက် အသင်းဖော်ဟောင်းတွေက အောက်မေ့တသဂုဏ်ပြုမှုတွေ အများအပြား စတင်ပြုလုပ်ခဲ့ကြပြီး ဖြစ်ပါတယ်။

Yohane At AFCON 2006

Photo: Daily Star

“သူက သူငယ်ချင်းမဟုတ်ပါဘူး။ သူက ညီအစ်ကိုလိုပါပဲ။ ကျွန်တော်တို့ ဆိုးရွားတဲ့အခြေအနေမှာ သူ့ကို ဆုံးရှုံးခဲ့ရတယ်”လို့ ဖိုင်းယား ဘက်ထရီအသင်းမှာ အတူတူကစားခဲ့ဖူးတဲ့ အသင်းဖော်ဟောင်း အင်နိုးဆင့် ချီကိုယာက ဘီဘီစီကို ပြောကြားခဲ့ပါတယ်။ ချီကိုယာနဲ့ ယိုဟာနီတို့ဟာ အသင်းဖော်တွေဖြစ်ခဲ့တဲ့အချိန်မှာပဲ အလွန်ရင်းနှီးတဲ့ ဆက်ဆံရေးကို တည်ဆောက်ခဲ့ကြသူတွေဖြစ်ပြီး “သူက အရမ်းတော်တယ်။ အရမ်းကောင်းတဲ့ ဘောလုံးသမားပါ။ သူ့မှာ အမြဲတမ်း အရာအားလုံးကို လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေ ရှိတယ်။ သူက ဦးဆောင်တစ်ဦးဖြစ်ခဲ့ပြီး စည်းကမ်းလိုက်နာပြီး နှစ်မြှုပ်ပေးဆပ်တတ်သူပါ”

“ကျွန်တော် ကြာသပတေးနေ့မှာ အလောင်းအလှပြင်ဆိုင်ကနေ သူ့ရဲ့ရုပ်အလောင်းကို သွားယူပြီး သူ့အိမ်ကို ပြန်ပို့ပေးမှာပါ”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ ၂၀၀၆ အာဖရိကဖလားပြိုင်ပွဲမှာ ယိုဟာနီရဲ့ အသင်းဖော်ဟောင်းဖြစ်တဲ့ အီဒယ်ဘတ် ဒင်ဟာက “ကျွန်တော်တို့ စနေနေ့ကနေ တနင်္လာနေ့အထိ သူ့ကို ဖုန်းခေါ်ဖို့ ကြိုးစားခဲ့ပြီး သူ့ကို ဆက်သွယ်လို့ မရခဲ့ပါဘူး။ ပြီးတဲ့နောက်မှာ ကျွန်တော် ရဲစခန်းကို လူပျောက်သွားတိုင်ခဲ့တယ်။ ချားလ်စ်က လူအေးပါ။ အမြဲတမ်း ပြုံးနေတတ်တယ်။ သူ ဘယ်သူနဲ့မှ အငြင်းအခုံမလုပ်ဖူးပါဘူး။ သူက ABC Motsepe လိဂ်မှာ ကစားနေတဲ့ လီရူးမား ယူနိုက်တက်အသင်းကို နည်းပြပေးနေတဲ့သူပါ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Daily Star