တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဟောင်း ခရစ္စ အမ်းစထရောင်းဟာ ၎င်းကို စီးကရက်ဝယ်လို့ မရဘူးလို့ ပြောကြားခြင်းခံခဲ့ရပြီးနောက် Tesco စတိုးဆိုင်ကို ဖျက်ဆီးပြီး အရောင်းဝန်ထမ်းကို ထိုးကြိတ်ခဲ့တဲ့အတွက် ထောင်ဒဏ်ချမှတ်ခံရမယ့်အရေးနဲ့ရင်ဆိုင်နေရပါတယ်။

Photo: Daily Mail
စပါးစ်ကို ပေါင် ၄.၅ သန်းနဲ့ စံချိန်တင်ပြောင်းရွှေ့ခဲ့တဲ့ အမ်းစထရောင်းဟာ ဇူလိုင်လ ၁၈ ရက်နေ့က နံနက် ၂ နာရီ ၁၅ မိနစ်မှာ ဆိုင်ပိတ်ကြောင်း ပြောကြားခြင်းခံခဲ့ရတဲ့အချိန်မှာ ဖူလ်ဟမ်လမ်းက စူပါမားကတ်ရှေ့မှာ ကမူးရူးထိုး လျှောက်ပြေးနေခဲ့တာဖြစ်ပါတယ်။ စပါးစ်တိုက်စစ်မှူးဟောင်းဟာ လုံခြုံရေးစကင်ဖတ်စက်ကို ကန်ကျောက်ခဲ့တဲ့အတွက် ပျက်စီးမှု စုစုပေါင်း ပေါင် ၂၀၀၀ အထိ ရှိခဲ့ပြီး အရောင်းဝန်ထမ်း အဲလက်စ် ဘိုတန်ကိုလည်း ထိုးကြိတ်ခဲ့တာဖြစ်ပါတယ်။
ဆံပင်ရှည်ကို ကျစ်ထားတဲ့ အမ်းစထရောင်းဟာ ကြာသပတေးနေ့က ဝက်စ်မင်စတာ တရားရုံးကို အနက်ရောင် ဝတ်စုံ၊ နက်ခ်တိုင်နဲ့ စမတ်ကျကျ ရောက်လာခဲ့ပြီး တိုက်ခိုက်မှုနဲ့ ရာဇဝတ်မှုဆိုင်ရာ ထိခိုက်ပျက်စီးစေမှုတွေ ကျူးလွန်ခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ “ရဲအရာရှိတွေဟာ ရန်လိုပြီး အကြမ်းဖက်တဲ့ အမျိုးသားတစ်ဦးက စတိုးဆိုင်ကို ဖျက်ဆီးနေတယ်ဆိုတဲ့ သတင်းပေးပို့ချက်ကြောင့် Tesco ကို ဖုန်းဆက်ခဲ့ပါတယ်။ သူ(အမ်းစထရောင်း)ဟာ စီးကရက်တောင်းရင်း တံခါးကို အတင်းတွန်းဖွင့်ခဲ့တာကြောင့် ဆိုင်ထဲကို ဝင်ခွင့် ရရှိခဲ့တယ်”

Photo: Daily Mail
“စတိုးဆိုင်ဟာ ဝန်ထမ်းတွေ ခေတ္တနားချိန်ဖြစ်တာကြောင့် ယာယီပိတ်ထားခဲ့ပါတယ်။ သူ့အနေနဲ့ စီးကရက်ဝယ်လို့ မရကြောင်း ပြောခံရချိန်မှာ ရန်လိုခဲ့ပါတယ်”လို့ အစိုးရရှေ့နေ နာသန် ဖူလာက ပြောကြားခဲ့ပါတယ်။ အမ်းစထရောင်းဟာ လုံခြုံရေးစကင်ဖတ်စက်၊ ထပ်ထားတဲ့ စျေးခြင်းတောင်းတွေနဲ့ စတိုးဆိုင်ထဲက အခြားပစ္စည်းတွေကို ကန်ကျောက်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။

Photo: Daily Mail
စတိုးဆိုင်ဝန်ထမ်း ဘိုတန်က အမ်းစထရောင်းကို ရင်ဆိုင်ပြီး ဖျက်ဆီးနေတာကို ရပ်တန့်သွားအောင် ပြောဖို့ ကြိုးပမ်းခဲ့ပေမယ့် စပါးစ်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဟောင်းဟာ ဝန်ထမ်းရဲ့ မျက်နှာကို လှည့်ထိုးခဲ့တာဖြစ်ပါတယ်။ လဲကျသွားတဲ့ ဘိုတန်ရဲ့ ညို့သကျည်းကို အမ်းစထရောင်းက ကန်ကျောက်ခဲ့တာကြောင့် မထနိုင်တော့တဲ့ အရောင်းဝန်ထမ်းကို ဆေးရုံကို စစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် ပို့ဆောင်ခဲ့ရပါတယ်။
အမ်းစထရောင်းကတော့ စတိုးဆိုင်ထဲကနေ ထွက်ပြေးသွားခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ ရဲအရာရှိတွေရဲ့ ထိန်းသိမ်းခြင်းကို ခံခဲ့ရပြီး မတ်လ ၁ ရက်နေ့ တရားရုံးမှာ ပြစ်ဒဏ်မချခင် အာမခံ ရရှိခဲ့ပါတယ်။
Featured Photo: Daily Mail
