တစ်နေ့ကို ဘယ်နှစ်ကြိမ်လောက် ရယ်မောဖြစ်ပါသလဲ။ ရယ်ခြင်းဟာ ကျန်းမာရေးကောင်းကျိုးတွေ အလကားပေးတယ်ဆိုတာ သိပါသလား။ သိပ္ပံနည်းကျလေ့လာမှုတွေကတော့ အားပါးတရ ဟက်ဟက်ပက်ပက် ရယ်မောမယ်ဆိုရင် အခုပြောတဲ့ အကျိုးတွေ ရမယ်လို့ ဆိုပါတယ်။
(၁) သွေးဖိအားကျဆင်းစေတယ်

Photo: Freepik
သွေးတိုးခြင်းဟာ လူ့အသက်ကို ခြိမ်းခြောက်နေတဲ့ အဆိုးဆုံးရောဂါတွေထဲမှာ ပါပါတယ်။ သွေးဖိအားကို ရယ်မောခြင်း ကုထုံးရဲ့ သက်ရောက်မှုကို လေ့လာတဲ့ လေ့လာမှုတစ်ခုအရ ဟာသဇာတ်လမ်းတွေကို ၈ ပတ်ဆက်တိုက် ၊ တစ်ရက် နာရီဝက်နှုန်းနဲ့ ကြည့်ရှုနားဆင်တဲ့ လူနာတွေဟာ စိတ်ဖိစီးမှု လျော့ကျခဲ့သလို သွေးဖိအားလည်း ကျခဲ့တာ တွေ့တယ်လို့ ဆိုပါတယ်။
(၂) စိတ်ဖိစီးမှုနဲ့ စိတ်ဓါတ်ကျမှု လျော့ပါးစေတယ်

Photo: Freepik
အပြုံးနဲ့ ရယ်မောခြင်းဟာ ဦးနှောက်ကို ပျော်ရွှင်စေတဲ့ မက်ဆေ့ပို့ပေးပါတယ်။ အကြောင်းက အပြုံးဟာ စိတ်ဖိစီးမှု လျှော့ချပေးမယ့် အန်ဒိုဖင်းဟော်မုန်းတွေ ထုတ်ပေးလို့ ဖြစ်ပါတယ်။ လေ့လာမှုတွေကလည်း ရယ်မောခြင်းဟာ စိတ်ဓါတ်ကျခြင်း ၊ စိတ်ရှုပ်ထွေးခြင်း ၊ စိတ်ဖိစီးမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို သက်ရာလျော့ပါးစေတဲ့ အကျိုးပေးတယ်လို့ ဆိုပါတယ်။ ဆက်စပ်ပြီး ပြောရမယ်ဆိုရင် နှလုံးရောဂါပါ အဖြစ်နည်းစေနိုင်ပါတယ်။
(၃) ဝိတ်ကျနိုင်တယ်

Photo: Freepik
အားပါးတရ ရယ်မောခြင်းဟာ ကိုယ်အလေးချိန်ပါ ကျဆင်းစေဖို့ ကူညီပေးနိုင်ပါတယ်။ ပုံမှန်ရယ်မောတတ်သူဟာ ဝိတ်ချရာမှာ ပိုပြီး ထိရောက်မြန်ဆန်တယ်လို့ သုတေသီတွေက လက်ခံထားပါတယ်။ အကြောင်းက ရယ်မောခြင်းဟာ ဝမ်းဗိုက်ကြွက်သားတွေကို ကျုံ့စေ ကြွစေတာကနေ အသေးစား Ab Workout လုပ်သလို ဖြစ်စေလို့ ဖြစ်ပါတယ်။ ရယ်နေတုန်း အသက်ပြင်းပြင်း ရှုမယ်ဆိုရင် ကိုယ်ထဲကို သွေးစီးဆင်းမှုဟာ ပိုပြီးတိုးတက်လာစေနိုင်ပါတယ်။
(၄) ကိုယ်ခံအားစနစ် ပိုကောင်းစေတယ်

Photo: Freepik
ကိုယ်ခံအားစနစ်နဲ့ ရယ်မောခြင်းအကြားမှာ ဆက်စပ်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။ သုတေသနလေ့လာမှုတွေအရ ရယ်မောခြင်းဟာ ကိုယ်ခံအားစနစ် ပိုကောင်းအောင် အကူအညီပေးနိုင်တယ်လို့ သက်သေပြထားပါတယ်။ ဖျားနာတဲ့သူတွေမှာဆို ရယ်မောခြင်းဟာ နလန်ထချိန်ကို ပိုမြန်စေအောင် အကူအညီပေးနိုင်တာ တွေ့ရပါတယ်။
(၅) နာကျင်မှုကို လျော့ပါးစေတယ်

Photo: Freepik
ရုပ်ပိုင်းဆိုင်ရာနာကျင်မှုတွေအတွက်လည်း ရယ်မောခြင်းကို ဆေးတစ်လက်လို သုံးနိုင်ပါတယ်။ ၂၀၀၉ ခုနှစ်က ရယ်မောခြင်းရဲ့ နာကျင်မှုပေါ် သက်ရောက်မှုများအကြောင်း လေ့လာခဲ့တဲ့ စာတမ်းတစ်စောင်မှာ ရယ်မောခြင်းဟာ လူတွေရဲ့ နာကျင်နေတဲ့ ဝေဒနာကို လျော့ပါးစေနိုင်တယ်လို့ ဖော်ပြထားပါတယ်။
