ဖာဘီယိုပိမ်းကို ဘောလုံးပရိသတ်တွေအားလုံးသိချင်မှသိပါလိမ့်မယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ကာတာ၊ တရုတ်၊ မာလ်တာ၊ လစ်သူယေးနီးယား နဲ့ လူဇင်ဘတ် နိုင်ငံတွေမှာ လှည့်လည်ကစားခဲ့ဖူးတဲ့ ကစားသမားတစ်ဦးပါ။ ဖာဘီယိုပိမ်းကို ပေါ်တူဂီနိုင်ငံမှာ မွေးဖွားခဲ့ပြီး ကစားသမားဘဝကိုတော့ Sporting  CP အသင်းမှာစတင်ခဲ့ပါတယ်။ အစောပိုင်းနှစ်တွေမှာ ပိမ်း ရဲ့ခြေစွမ်းဟာ လူတွေသတိထားမိလာတဲ့အထိ ကောင်းမွန်ခဲ့ပါတယ်။

“တကယ်လို့ ခင်ဗျာကျွန်တော့ခြေစွမ်းက ကောင်းတယ်ထင်ရင် ဖာဘီယို ပိမ်း ကစားတာကို အရင်ကြည့်လိုက်ပါ။” လို့ ရော်နယ်ဒိုက Sporting  ကနေ မန်ယူအသင်းကို ပြောင်းရွှေ့ကစားတဲ့ (၂၀၀၃) ခုနှစ်မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Kisah Fabio Paim

Photo : Bola.net

ဖာဘီယို ပိမ်းဟာ အသက် (၁၆) နှစ်အရွယ်မှာကတည်းက လုပ်ခလစာအနေနဲ့ တစ်လကို ယူရို (၁၅၀၀၀၀) ကျော်ရရှိနေပါပြီ။ “ကျွန်တော် အသက် (၁၆) နှစ်အရွယ်တုန်းက ပိုက်ဆံတွေအများကြီးရခဲ့တယ်။ စာချုပ်တောင် ချုပ်ပြီးနေပြီ။ ကျွန်တော့်ရဲ့ စီနီယာတွေထက်တောင် ပိုပြီးဝင်ငွေကောင်းခဲ့တယ်။ အသင်းကြီးတော်တော်များများကလည်း ကျွန်တော့ကို စောင့်ကြည့်နေကြနေပြီ။” လို့ ဖာဘီယို ပိမ်းက (၂၀၁၇) ခုနှစ်တွင် Globo Esporte ကိုပြောခဲ့ပါတယ်။

“ကျွန်တော် ပိုက်ဆံတွေအများကြီး မကိုင်ဖူးဘူး။ ဘောလုံးစကစားတုန်းကဆိုရင် ဖိနပ်တောင် ဝယ်ဖို့ပိုက်ဆံမရှိခဲ့ဘူး။ အချိန်ခဏတွင်းမှာပဲ အရာအားလုံးပြောင်းလဲကုန်တယ်။ ကျွန်တော် မပြင်ဆင်ထားခဲ့မိဘူး။” လို့သူက ထပ်ပြီးပြောခဲ့ပါသေးတယ်။

Sporting အသင်းဟာ ဖာဘီယို ပိမ်းကို လစာတွေများကြီးပေးထားပေမယ့် အသင်းကြီးမှာ ကစားခွင့်မပေးသေးဘဲ (၃) ရာသီလောက် အငှားဖြင့် တခြားအသင်းတွေမှာ သွားရောက်ကစားစေခဲ့ပါတယ်။ (၂၀၀၈) ခုနှစ်မှာတော့ အင်္ဂလန်ကလပ် ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့သွားပါတော့တယ်။

Kisah Fabio Paim

Photo : iNews

ချဲလ်ဆီးအသင်းမှာလည်း ပထမအသင်းမှာ ကစားခွင့်မရရှိခဲ့ပါဘူး။ ဖာဘီယို ပိမ်းဟာ အင်္ဂလန်မြေမှာ အလည်အပတ်ဖြင့်သာ အချိန်ကုန်နေခဲ့ပါတယ်။ သူဟာ ဘောလုံးကစားခြင်းထက် အပျော်အပါးဘက်ကို ပိုပြီး ဦးစားပေးခဲ့ပါတယ်။

“အဲ့ဒီအချိန်မှာပဲ ကျွန်တော် လေ့ကျင့်တာတွေ ရပ်ပစ်လိုက်တာပဲ။ ကျဆုံးမှုကလည်း အဲ့အချိန်မှာစတင်ခဲ့တာပေါ့။ အရက်တွေသောက်လာတယ်။ ကျွန်တော့်ဆီမှာ ပိုက်ဆံတွေအများကြီးရှိနေတော့ လုပ်ချင်တာတွေ လုပ်ခဲ့တယ်။” လို့ ဖာဘီယို ပိမ်းက ပြောခဲ့ပါတယ်။

အသက် (၂၀) အရွယ်သာရှိသေးတဲ့ ဖာဘီယို ပိမ်းရဲ့ ဘဝဟာ အကျဘက်ကို ဦးတည်သွားခဲ့ပါတယ်။ သူဟာ (၂၀၀၉) ခုနှစ်မှာ စီနီယာအသင်းကြီးမှာ တစ်ပွဲမျှမကစားရဘဲ ချဲလ်ဆီးအသင်းကနေ ထွက်ခွာသွားခဲ့ရပါတယ်။ နောက်ပိုင်းနှစ်တွေမှာ ဖာဘီယို ပိမ်းဟာ မထင်မရှားအသင်းတွေမှာ လှည့်လည်ကစားရင်း သူ့ရဲ့ခြေစွမ်းကို ပြန်လည်ရရှိအောင် ကြိုးစားခဲ့ပေမယ့် အကျင့်ဆိုးတွေကြောင့် အောင်မြင်မှုမရရှိခဲ့ပါဘူး။

Kisah Fabio Paim

Photo : Indosport.com

“ရော်နယ်ဒိုက ထူးချွန်တဲ့ ကစားသမားတစ်ယောက်ပါ။ သူနဲ့ နှိုင်းယှဉ်လို့ရတဲ့ကစားသမား မရှိပါဘူး။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက သူထက် ကျွန်တော်က ခြေစွမ်းပိုကောင်းခဲ့ပေမယ့် သူ့ဆီမှာရှိတာကျွန်တော့်ဆီမှာ မရှိခဲ့ဘူး။ ရော်နယ်ဒိုက သန်မာတယ်။ အနိုင်ရလိုစိတ်ပြင်းပြတယ်။ သူဘာဖြစ်ချင်လဲဆိုတာ သူသိတယ်။ သူက အရမ်းအလုပ်ကြိုးစားတဲ့လူဗျ။ ကျွန်တော်ကတော့ သူနဲ့ပြောင်းပြန်။

ကျွန်တော့်ဆီမှာ ဘောလုံးစွမ်းရည်ပိုင်ဆိုင်ခဲ့ပေမယ့် တခြားအရာတွေမှာကျတော့ ညံ့ဖျင်းတယ်။ ကျွန်တော်က ဘောလုံးစွမ်းရည်ထက် တခြားအရာတွေမှာ ထူးချွန်ချင်ခဲ့တာ။ ကျွန်တော် ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်ခဲ့သင့်တာ” လို့ ဖာဘီယို ပိမ်းက Globo Esporte ကိုပြောခဲ့ပါတယ်။ ပါရမီရှိပေမယ့် ကြိုးစားအားထုတ်မှုမရှိတဲ့ ဖာဘီယို ပိမ်းတစ်ယောက် ကျဆုံးမှုနဲ့သာ ရင်ဆိုင်နေခဲ့ရပါတယ်။

Featured Photo : Tribun-medan.com