ကိုယ်လုံးနဲ့ အင်္ကျီလက်တွေက T ပုံစံ ရှိလို့ T-Shirt လို့လည်း ခေါ်တဲ့ Tee Shirt တွေကို ကျား/မ မရွေး ဝတ်နိုင်တဲ့ Unisex ဖက်ရှင်အဖြစ် သတ်မှတ်ထားပါတယ်။ T-Shirt တွေဟာ ပုံမှန်အားဖြင့် လက်တို ( Short Sleeves) နဲ့ လည်ဝိုက် Round Neckline ရှိပါတယ်။ လည်ဝိုက်ကို ကော်လာမပါလို့ Crew Neck လို့လည်း ခေါ်ပါတယ်။
T-Shirt တွေဟာ ဆွဲဆန့်နိုင်တဲ့ Stretchy သားနဲ့ ထုတ်ထားတာပါ။ များသောအားဖြင့် T-Shirt သားတွေက ဈေးသက်သာပြီး ပေါ့ပါးတဲ့ ချည်နဲ့ ထုတ်ထားတာပါ။ သန့်ရှင်းရေးလုပ်ဖို့ လျှော်ဖို့ဖွပ်ဖို့လည်း လွယ်ကူပါတယ်။ အလယ်ခေတ်က T-Shirt တွေဟာ ဝါချည် ၊ လီနင်ချည်တွေနဲ့ ထုတ်ပြီး အောက်ခံ Undergarment အဖြစ် ဝတ်ဖို့ လုပ်ပါတယ်။ လျှော်ရဖွပ်ရလွယ်ကူပြီး အသားအရေကို တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိစေဖို့ ဝတ်တာပါ။
Photo: justfunfacts
၁၉ ရာစုမတိုင်ခင်အထိ တီရှပ်တွေက ခါးအောက်ပိုင်းအထိ အရှည်ကြီးဖြစ်ပါတယ်။ နောက်မှ တီရှပ်တွေဟာ ပိုပြီး Slim Cutting ဖြစ်လာရာကနေ ကိုယ်ကျပ်ဒီဇိုင်းအထိ ပေါ်ပေါက်လာပါတယ်။ စပိန်ကမ္ဘာ့စစ်ကာလမှာ အမေရိကန်ပြည်ထောင်စုဟာ T-Shirt တွေ ပထမဆုံး ဝတ်လာရတာပါ။ အမေရိကန်မှာ T-Shirt တွေ ပထမဆုံးဝတ်ခဲ့သူတွေက အမေရိကန်ရေတပ်သားတွေ ဖြစ်ပြီး ယူနီဖောင်းရဲ့အောက်မှာ ခံဝတ်တာ ဖြစ်ပါတယ်။
စီးပွားပျက်ကပ်ကြီး (Great Depression) ဖြစ်တဲ့ ၁၉၂၉ နဲ့ ၁၉၃၉ အကြားမှာ T-Shirt တွေဟာ လယ်ယာလုပ်ငန်းခွင်ဝင်သူတွေနဲ့ တိရစ္ဆာန်မွေးမြူရေးစခန်းတွေမှာ ဝတ်တဲ့ အဝတ်အစားဖြစ်လာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီးမှာ အမေရိကန်ရေတပ်သားတွေ ဝတ်တဲ့ တီရှပ်ဖက်ရှင်ဟာ အရပ်သားတွေအကြားမှာ Casual ဖက်ရှင်အဖြစ် ခေတ်စားခဲ့ပါတယ်။ နာမည်ကျော်မင်းသားကြီး မာလွန်ဘရန်ဒိုရဲ့ A Streetcar Named Desire ဆိုတဲ့ ရုပ်ရှင်ကားမှာ ဝတ်ဆင်မှုကြောင့် ၁၉၅၀ ပြည့်လွန်နှစ်တွေကစပြီး T-Shirt ဖက်ရှင်တွေ ရေပန်းစားတဲ့ အရှိန်အဟုန် မြင့်တက်လာခဲ့ပါတယ်။
Printed T-Shirt လို့ခေါ်တဲ့ အကွက်အစင်းပါ T-Shirt တွေဟာ ၁၉၂၄ ခုနှစ်မှာ အကန့်အသတ်နဲ့ ဝတ်ရတဲ့ ဖက်ရှင်ဖြစ်ခဲ့ပြီး Life Magazine ရဲ့ မျက်နှာဖုံးမှာတောင် Air Corps Gunnery School T-Shirt တစ်ထည်ပုံ ပါခဲ့ဖူးပါတယ်။ ၁၉၆၀ ပြည့်လွန်နှစ်တွေ နောက်ပိုင်းမှာ Printed T-Shirt တွေဟာ ကိုယ်ပိုင်ဟန်နဲ့ သရုပ်ဖော်ချက်တွေ ပြတဲ့ ဖက်ရှင်အဖြစ် ခေတ်စားခဲ့ပါတယ်။ စီးပွားရေးသမားတွေကလည်း ကြော်ငြာနဲ့ လက်ဆောင်တွေအဖြစ် Printed T-Shirt တွေ ထုတ်ခဲ့သလို နိုင်ငံရေးကန့်ကွက်ဆန္ဒပြမှုတွေမှာလည်း သုံးလာခဲ့ကြပါတယ်။
Photo: justfunfacts
၁၉၇၀ ပြည့်လွန်နှစ်တွေမှာတော့ ကိုယ့်စိတ်ကြိုက် ကိုယ်ပိုင်ဒီဇိုင်းနဲ့ သီးသန့် Personalized ထုတ်တဲ့ T-Shirt တွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ကိုယ်ပိုင် လိုဂိုနဲ့ T-Shirt တွေကို ဈေးကွက်မြှင့်တင်ရေးတွေ ၊ တီးဝိုင်းနဲ့ အသင်းအဖွဲ့တွေမှာ ဝတ်ဆင်လာခဲ့ပါတယ်။ ပေါ့ပ်ယဉ်ကျေးမှု တိုးတက်ထွန်းကားလာခဲ့ချိန်မှာ တောက်ပတဲ့ အဝါရောင်အပြုံးမျက်နှာပုံပါ T-Shirt တွေ ၊ နာမည်ကျော် ရိုးလင်းစတုန်းရဲ့ လျှာထုတ်နေတဲ့ လိုဂိုပုံစတဲ့ ဒီဇိုင်းတွေက ထင်ရှားခဲ့ပါတယ်။ T-Shirt ဈေးကွက်ဟာလည်း ကျယ်ပြန့်လာခဲ့ပါတယ်။
အခုဆို T-Shirt ကုမ္ပဏီတွေဟာ တစ်နှစ်ကို T-Shirt အထည် သန်းပေါင်းများစွာ ထုတ်လာခဲ့ပြီး လူတိုင်းလက်လှမ်းမီနိုင်တဲ့ဈေးနဲ့ ဖြန့်ချိလာကြပါတယ်။ တချို့ တီရှပ်တွေကတော့လည်း ဈေးကြီးနာကြီး ပေးရတာတွေ ရှိပါတယ်။ ကမ္ဘာ့ဈေးအကြီးဆုံး T-Shirt ကတော့ စိန်ပေါင်း ၁၆ လုံး သုံးထားတဲ့ Superlative T-Shirt ဖြစ်ပြီး ဒေါ်လာ ၄ သိန်းတန်အဖြစ် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။