နဖူးပြောင်တဲ့သူတွေကို Chrome Dome လို့ ခေါ်ကြပါတယ်။ အားလုံး သိတဲ့အတိုင်းပဲ ဆံပင်ဟာ အလှအပရဲ့ အရေးကြီးဆုံး အစိတ်အပိုင်းတွေထဲက အဓိကကျတဲ့ အပိုင်းပါ။ ဆံပင်မရှိရင် ရုပ်အဆင်းပိုင်း ထိခိုက်တာ အမှန်ပါပဲ။ အခုပြောမယ့် ဟောလီးဝုဒ်မင်းသားကြီးတွေက Chrome Dome တွေဆိုပေမယ့် ဆံပင်နဲ့ထက်တောင် စမတ်ပိုကျတဲ့သူတွေလို့ ဆိုချင်ပါတယ်။
(၁) Bruce Willis

Photo: BBC
ကျွန်တော်တို့ အားလုံး မင်းသားကြီး ဘရုဇ်ဝီလီစ်ရဲ့ ဇာတ်ကားတွေ မကြည့်ဖူးသူမရှိ ဖြစ်ကြမှာပါ။ Die Hard ၊ The Sixth Sense စတဲ့ ရုပ်ရှင်တွေမှာ ထိပ်ပြောင်စပြုနေပြီ ဖြစ်တဲ့ မင်းသားကြီးကို မြင်ခဲ့ရပါတယ်။ နောက်ပိုင်းထွက် G.I.Joe: Ever Vigilant ၊ Hard Kill နဲ့ Breach တို့လို ကားတွေမှာ မင်းသားကြီးကို ဂတုံးဖက်ရှင်နဲ့ တွေ့လာရပြီ ဖြစ်ပါတယ်။ အသက် ၆၅ နှစ်ခန့် ရှိပြီ ဖြစ်တဲ့ မင်းသားကြီးဟာ အသက်ကြီးမှ ဂတုံးကေနဲ့ ပိုလို့တောင် သားနားလာပါတယ်။
(၂) Dwayne Johnson

Photo: thenews
The Rock မင်းသားကြီး ရုပ်ရှင်လောကထဲ စဝင်စဉ် ၂၀၀၀ ပြည့်နှစ်တစ်ဝိုက်က ဆံပင်ဖြစ်ပါတယ်။ အဲ့ကတည်းက သူ့ထိပ်ကလည်း တော်တော်ပြောင်နေတာ အမှန်ပါပဲ။ နောက်ပိုင်းမှာ တစ်ခေါင်းလုံး ရိတ်ပစ်ပြီး ဂတုံးဒီဇိုင်းနဲ့ပဲ Jumanji ၊ Fast & Furious ၊ Rampage စတဲ့ အောင်မြင်တဲ့ ရုပ်ရှင်တွေမှာ သရုပ်ဆောင်ခဲ့ပါတယ်။ သိသာတဲ့အချက်က ဆံပင်မပါတဲ့ သူ့ပုံက ပိုလို့ကြည့်ကောင်းတယ်ဆိုတဲ့ အချက်ပါပဲ။
(၃) Samuel L.Jackson

Photo: timesofindia
ဆင်မြူရယ် အယ်လ်ဂျက်ဆင်ဆိုတဲ့ ဘဲကြီးကို အဆဲသန်တယ်လို့ လူသိများပါတယ်။ အသက် ၇၀ ကျော်ပြီ ဖြစ်တဲ့ မင်းသားကြီးကို နာမည်ကျော်ရုပ်ရှင်ကားပေါင်းများစွာမှာ မြင်ဖူးကြမှာပါ။ ဆင်မြူရယ် အယ်လ်ဂျက်ဆင်ကလည်း အရင်က ဆံပင်နဲ့ပါပဲ။ နောက်ပိုင်းတော့ သူလည်း ဂတုံးပုံစံနဲ့ Legend ကြီးအဖြစ် မြင်ရပြီ ဖြစ်ပါတယ်။ ဘရုစ်ဝီလီစ်လိုပါပဲ။ ဆံပင်မပါမှ သူ့ပုံစံက ပိုလို့တောင် ကြည့်ရ အဆင်ပြေနေတာ တွေ့ရပါတယ်။
(၄) Jason Staham

Photo: cinemablend
၂၀၀၅ ခုနှစ်က ထွက်ခဲ့တဲ့ Revolver ကားကြည့်ဖူးရင် ဂျေဆန် စတေဟမ်ခေါင်းမှာ အရှည်နောက်လှန်ထားတဲ့ ပုံစံကို မြင်ဖူးပါလိမ့်မယ်။ ဒီနေ့ ကျွန်တော်တို့ မြင်တွေ့နေရတဲ့ ဂျေဆန်စတေဟမ်ကတော့ တစ်ခေါင်းလုံး Shave လုပ်ထားတာ တွေ့ရပါလိမ့်မယ်။ ဂတုံးကေနဲ့ လိုက်တဲ့ မင်းသားစာရင်းမှာ မင်းသားကြီး ဂျေဆန် စတေဟမ်ကိုလည်း ထည့်ပြီး ဖော်ပြရပါလိမ့်မယ်။
(၅) Vin Diesel

Photo: parade
Riddick ၊ The Last Witch Hunter ၊ XXX ၊ Fast & Furious စတဲ့ရုပ်ရှင်ကားကြီးတွေနဲ့ ထင်ရှားတဲ့ မင်းသားကြီး ဗင်ဒီဇယ်လည်း အရင်က ဆံပင်နဲ့ သရုပ်ဆောင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဗင်ဒီဇယ်ရဲ့ ၂၀၀၆ ထွက် Find Me Guilty ကားမှာ ဆံပင်နဲ့ သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ နောက်ပိုင်းတော့ ဇာတ်ကားအားလုံးမှာ သူ့ကို ဂတုံးပုံနဲ့တွေ့လာရပါတယ်။ ဘာပဲဖြစ်ဖြစ် မင်းသားကြီးဟာ ဂတုံးပုံစံနဲ့မှ ပိုအဆင်ပြေတာတော့ အမှန်ပါပဲ။
