တစ်နှစ်လုံးမှာ အတိုဆုံးလတစ်လဖြစ်တဲ့ ဖေဖော်ဝါရီဟာ နယ်ပယ်အသီးသီးက လူချွန်တွေ မွေးဖွားရာလတစ်လလည်း ဖြစ်ပါတယ်။ ဖေဖော် ဝါရီဟာ ကမ္ဘာကျော်ဘောလုံးသမား ခရစ္စတီယာနို မွေးဖွားတဲ့လဖြစ်သလို သမ္မတကြီး အေဘရာဟမ် လင်ကွန်းမွေးတဲ့လလည်း ဖြစ်ပါတယ်။
ဖေဖော်ဝါရီလထဲမှာ အနုပညာဘက်က ကမ္ဘာကျော်ခဲ့တဲ့ ကတ်ကိုဘိန်းကို မွေးခဲ့သလို ဘော့ပ်မာလေကိုလည်း ဖေဖော်ဝါရီမှာပဲ မွေးဖွားခဲ့တာပါ။ သက်ရှိထင်ရှား ရှိနေသေးတဲ့ ဂီတလောကသားတွေထဲက ဖေဖော်ဝါရီဖွား အဆိုတော်တွေအကြောင်းကိုလည်း ပြောပြချင်ပါတယ်။
(၁) ဟယ်ရီစတိုင်
Photo: teenvogue
ကမ္ဘာကျော် One Direction အဖွဲ့ဝင် အင်္ဂလိပ်အဆိုတော် ဟယ်ရီစတိုင်ကို ၁၉၉၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ မွေးပါတယ်။ ၂၀၁၀ ခုနှစ်မှာ The X Factor အဆိုပြိုင်ပွဲကနေ ဂီတလောကထဲ စတင်ဝင်ရောက်လာခဲ့တဲ့သူဟာ နောက်ပိုင်းမှာ One Direction အမျိုးသားအဆိုတော်အဖွဲ့ထဲ ရောက်လာခဲ့ပြီး ခေတ်အဆက်ဆက် လူကြိုက်အများဆုံးနဲ့ အအောင်မြင်ဆုံး အမျိုးသားအဆိုတော်အဖွဲ့တစ်ခုကို ပုံဖော်နိုင်ခဲ့ပါတယ်။
၂၀၁၇ မှာ Sign Of The Times ဆိုတဲ့ တစ်ကိုယ်တော်ခွေထုတ်ခဲ့ပြီး ဒီအခွေဟာ အမေရိကန်နဲ့ ယူကေမှာ တစ်နှစ်တာရဲ့ရောင်းအားအကောင်းဆုံး အယ်လ်ဘမ်တစ်ခုအဖြစ် ရပ်တည်ခဲ့ပါတယ်။ ၂၀၁၉ မှာ Fine Line ဆိုတဲ့ အယ်လ်ဘမ်တစ်ချပ် ထပ်ထုတ်ခဲ့ပြီး US Billboard 200 မှာ ထိပ်ဆုံးက ရှိခဲ့ပါတယ်။ ဒီနောက်မှာတော့ အောင်မြင်တဲ့ တစ်ကိုယ်တော်အခွေတွေ ထပ်ထုတ်ဖြစ်ခဲ့ပြီး Brit Awards နှစ်ခု ၊ ဂရမ်မီဆုတစ်ဆု ၊ Ivor Novello ဆုနဲ့ American Music Award တစ်ဆုလည်း ရထားပါတယ်။
(၂) ရော်ဘီ ဝီလျံစ်
Photo: NME
သီချင်းအေးအေးလေးတွေနဲ့ ကမ္ဘာ့ပေါ့ပ်ဂီတချစ်သူတွေကို ဖမ်းစားထားနိုင်သူတစ်ဦးကတော့ အင်္ဂလန်အဆိုတော် ရော်ဘီ ဝီလျံစ်ပဲ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်ဖွား ရော်ဘီ ဝီလျံစ်ဟာ ၁၉၉၀ ကနေ ၁၉၉၅ ခုနှစ်အထိ ပေါ့ပ်ဂီတအဖွဲ့ဖြစ်တဲ့ Take That အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်သလို တစ်ကိုယ်တော်အခွေတွေ ထုတ်ပြီးလည်း အောင်မြင်မှုရခဲ့သူပါ။
ရော်ဘီဝီလျံစ်ဟာ ယူကေမှာ နံပါတ်တစ်ဖြစ်ခဲ့တဲ့ တစ်ကိုယ်တော်အယ်လ်ဘမ် ၇ ချပ်ထုတ်ခဲ့တဲ့ အဆိုတော်လည်း ဖြစ်ပါတယ်။ သူ့ရဲ့ စတူဒီယိုအယ်လ်ဘမ် ၁၂ ခွေမှာ ၁၁ ခွေက ယူကေရဲ့ နံပါတ်တစ်ဖြစ်ခဲ့ပြီး အယ်လ်ဘမ် ၆ ချပ်က ဘူကေရဲ့ ခေတ်အဆက်ဆက် ရောင်းအားအကောင်းဆုံးထိပ်တန်း အယ်လ်ဘမ် ၁၀၀ စာရင်းမှာ ပါဝင်ခဲ့ပါတယ်။
(၃) The Weeknd
Photo: thatgrapejuice
နှစ်သစ်မှာ ဦးဦးဖျားဖျား စံချိန်သစ်တင်ထားတဲ့ R&B အဆိုတော် The Weeknd ကို ၁၉၉၀ ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာ မွေးပါတယ်။ ကနေဒါနိုင်ငံသား အဆိုတော်ဟာ ဂရမ်မီသုံးဆုရှင်ဖြစ်သလို မြူးဇစ်ပရိုဂျူဆာလည်း လုပ်ပါတယ်။ Billboard Hot 100 Lits ရဲ့ ထိပ်ဆုံး ၁၀ နေရာမှာ အကြိမ်ကြိမ် ဖော်ပြခံရသူဖြစ်ပါတယ်။
နာမည်မကြီးခင် ၂၀၁၀ လောက်က YouTube ပေါ်မှာ သီချင်းလေးတွေ တင်ရင်း လူမသိသူမသိဘဝကို ဖြတ်သန်းခဲ့ရဖူးပါတယ်။ နောက်တော့ သူဟာ ကမ္ဘာပေါ်က နာမည်အကြီးဆုံး အဆိုတော်တွေထဲကတစ်ဦးအဖြစ်ကို ရောက်ရှိပြီး အောင်မြင်မှုအလီလီ ပိုင်ဆိုင်နေပြီ ဖြစ်ပါတယ်။
(၄) အက်ဒ် ရှီယန်
Photo: Amazon UK
လာမယ့် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ အင်္ဂလန်အဆိုတော် အက်ဒ်ရှီယန် အသက် ၃၁ နှစ် ပြည့်မှာ ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်မှာ The A Team သီချင်းခွေနဲ့ လူတွေ အာရုံစိုက်ခံခဲ့ရပြီး အခွေ ၄ သန်းအထိ ရောင်းချနိုင်ခဲ့သလို ဂရမ်မီ ဆန်ကာတင်ဆုလည်း စာရင်းဝင်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ သူ့ရဲ့ တစ်ကိုယ်တော်အခွေ Thinking Out Loud ဟာ ဂရမ်မီဆုနှစ်ဆု ရစေခဲ့သလို တစ်ကမ္ဘာလုံးက နှစ်သက်စွဲလမ်းနေတဲ့ သီချင်းကောင်းတွေ ဆက်လက်ဖန်တီးရင်းနဲ့ အောင်မြင်မှုခိုင်မာနေပြီ ဖြစ်ပါတယ်။
(၅) Dr.Dre
Photo: nbcnews
Hip-Hop Icon တစ်ဦးဖြစ်သလို West Coast ရက်ပ်လောကရဲ့ ဗိသုကာချုပ်ကြီးလည်း ဖြစ်တဲ့ Dr.Dre ဟာ စုစုပေါင်း ဂရမ်မီဆု ၆ ဆုအထိ ရထားသူလည်း ဖြစ်ပါတယ်။ အနုပညာအရလည်း အကြီးအကျယ် အောင်မြင်သလို စီးပွားရေးအရလည်း အောင်မြင်ပါတယ်။ ၂၀၁၄ မှာ သူ့ရဲ့ Beats by Dre နားကြပ်လုပ်ငန်းကို Apple က ဒေါ်လာ ၃ ဘီလျံကျော်နဲ့ ဝယ်ယူခဲ့ပါတယ်။ အသက် ၅၆ နှစ်အရွယ် Dr.Dre ကို ၁၉၆၅ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်နေ့မှာ မွေးဖွားခဲ့တာပါ။
Featured Photo: Amazon UK