သင့်ရဲ့ ဖက်ရှင်စတိုင်ဟာ သင့်အကြောင်းဖော်ပြနေတဲ့ ကိုယ်ပိုင်အမှတ်အသားတစ်ခုလို့ ပြောလို့ရပါတယ်။ ဒါကြောင့်လည်း ဖက်ရှင်နဲ့ ပတ်သတ်ပြီး အမျိုးသားတွေအနေနဲ့ အလေးထားဖို့ သေချာပေါက်လိုတာပေါ့။ ဒီနေရာမှာ ပြောစရာရှိတာတစ်ခုက ဖက်ရှင်လို့ ဆိုရာမှာ အဝတ် အစားတွေကိုပဲ အာရုံစိုက်နေရုံနဲ့ မလုံလောက်ဘူးဆိုတာပါပဲ။

အမျိုးသားတစ်ယောက်ရဲ့ ဖက်ရှင်ကို ပြီးပြည့်စုံခမ်းနားသွားစေဖို့ဆို ဖက်ရှင်အသုံးအဆောင်တွေရဲ့ အခန်းကဏ္ဍကလည်း များစွာအရေးပါပါတယ်။ ဒါကြောင့်မို့ ဒီတစ်ခေါက်ဆောင်းပါးလေးမှာတော့ အမျိုးသားတစ်ယောက်ကို ပိုပြီးစတိုင်ကျစေဖို့ ကူညီပေးနိုင်တဲ့ ဖက်ရှင်အသုံး အဆောင်တွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၁) ဦးထုပ်

snapback
Photo : Everythinghiphop

ခေါင်းအစခြေအဆုံး ဖက်ရှင်ကျချင်တဲ့ အမျိုးသားများအတွက်တော့ ဦးထုပ်တွေက မရှိမဖြစ်လိုအပ်တဲ့ ဖက်ရှင်အသုံးအဆောင်တွေထဲကတစ်ခုပါပဲ။ ဦးထုပ်တွေက နေပူဒဏ်ကို ကာကွယ်ပေးရုံမက ကိုယ်ဝတ်ထားတဲ့ အဝတ်အစားဖက်ရှင်ကို ပိုပြီးတဆင့်မြင့်သွားအောင်လည်း ပံ့ပိုးပေးနိုင်ပါတယ်။ Baseball cap ၊ Panama ၊ Snapback စတဲ့ဦးထုပ်ဒီဇိုင်းတွေက ယောကျာ်းလေးတွေအဝတ်များပြီး ကိုယ့်ဖက်ရှင်နဲ့ လိုက်ဖက်မှုရှိမယ့် ဦးထုပ်ဒီဇိုင်းကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

(၂) လက်စွပ်

rings
Photo : David Yurman

လက်ဝတ်ရတနာတွေ သိပ်မကြိုက်တဲ့ ကျွန်တော်တို့ယောကျ်ားလေးအတွက် လက်စွပ်တွေကတော့ ချွင်းချက်တစ်ခုအနေကို ဝတ်သင့်ပါတယ်။ ဘာလို့ဆို လက်စွပ်တွေက မှော်ဆန်တဲ့ ဖက်ရှင်အသုံးအဆောင်တွေထဲကတစ်ခုဖြစ်ပြီး ကိုယ့်ရဲ့ ဖက်ရှင်အဆင့်သတ်မှတ်ချက်တစ်ခုလည်းဖြစ်တဲ့အပြင် ကိုယ်ဝတ်ဆင်ထားတဲ့ ၀တ်စုံကို ပိုပြီးဆွဲဆောင်မှုရှိတဲ့ စတိုင်မျိုးရစေလိုပါပဲ။ ဒါ့ကြောင့် ကိုယ့်ရဲ့  Lifestyle ပေါ်မူတည်ပြီး ကိုက်ညီမှုရှိတဲ့ လက်စွပ်ဒီဇိုင်းတွေကို ရွေးချယ်ဝတ်ဆင်ဖို့ အကြံပြုချင်ပါတယ်။

(၃) လက်ပတ်

Bracelets
Photo : Man of Many

အမျိုးသားတွေအနေနဲ့ မရှိမဖြစ်လိုအပ်တဲ့ ဖက်ရှင်အသုံးအဆောင်တစ်ခုအနေနဲ့ နာရီတွေကို ဝတ်ဆင်လေ့ရှိပါတယ်။ နာရီတွေက ကွီးတို့ရဲ့ဖက်ရှင်အသွင်အပြင်ကို ပိုပြီးခမ်းနားပြည့်စုံသွားစေတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် နာရီတွေသိပ်မကြိုက်တဲ့ အမျိုးသားတွေလည်း ရှိကြတာပဲ မဟုတ်လား။ ဒီလိုလူတွေအတွက်တော့ လက်ပတ်တွေကအကောင်းဆုံးရွေးချယ်စရာ ဖက်ရှင်အသုံးအဆောင်တစ်ခုပဲ ဖြစ်ပါတယ်။ အခုနောက်ပိုင်းရေပန်းစားလာတဲ့ ပုတီးစေ့လက်ပတ်တွေ ဝတ်နိုင်သလို ခန့်ညားပြီးယောကျ်ားပီသမှုပေးနိုင်မယ့် ချိန်းကြိုးလက်ပတ်တွေကလည်း အမျိုးသားတွေနဲ့လိုက်ဖက်မှုအရှိဆုံး လက်ပတ်ဒီဇိုင်းတွေပဲ ဖြစ်ပါတယ်။

(၄) နားကပ်

Earrings
Photo : The Diamond Store Magazine

ယောကျာ်းလေးဖြစ်လို့ နားကပ်မဝတ်ရဘူးဆိုတဲ့ ဥပဒေကန့်သတ်ချက်မျိုးမရှိပါဘူး။ ခေတ်နဲ့အညီပြောင်းလဲတိုးတက်လာတဲ့ ဖက်ရှင်ရေးစီးကြောင်းတွေထဲမှာ နားကပ်တွေကလည်း အမျိုးသားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဖက်ရှင်အသုံးအဆောင်တစ်ခုဖြစ်လာပါပြီ။ နားကပ်တွေက လူငယ်ဆန်ဆန်လွတ်လပ်ပေါ့ပါးတဲ့ ဖက်ရှင်အသွင်မျိုး ပေးစွမ်းနိုင်သလို ဒီဇိုင်းပေါ်မူတည်ပြီး စမတ်ကျကျနဲ့ ရင့်ကျက်တည်ငြိမ်တဲ့ ဖက်ရှင်အသွင်မျိုး ရွေးချယ်ပုံဖော်နိုင်မှာပဲ ဖြစ်ပါတယ်။

(၅) ရှပ်အင်္ကျီ လက်ကြယ်သီး

Cufflinks
Photo : Insider

သင်ဟာ ကုမ္ပဏီတစ်ခုမှာ ရာထူးအကြီးပိုင်းတာဝန်ယူထားရသူတစ်ဦးလား ဒါမှမဟုတ် Suit တွေအမြဲလိုလိုဝတ်ဆင်ရတဲ့ လူကြီးလူကောင်းတစ်ယောက်လား။ ဒါဆိုရင်တော့ သင့်ရဲ့ ဝတ်စုံနဲ့ လိုက်ဖက်မှုရှိတဲ့ Cufflinks တွေကို သေချာပေါက်ရွေးချယ်ဖို့ လိုမှာပါ။ Cufflinks တွေက အမျိုးသားတစ်ယောက်ရဲ့ ဖက်ရှင်အပြင်အဆင်ကို ပိုမို ပြီးပြည့်စုံစေပြီး စမတ်ကျကျနဲ့ ကျော့ရှင်းတဲ့ ဖက်ရှင်စတိုင်ရဖို့ ပံ့ပေးနိုင်တဲ့ အကောင်းဆုံး ဖက်ရှင်အသုံးအဆောင်တစ်ခုပဲ ဖြစ်ပါတယ်။

Featured Photo : DMARGE