အဝတ်အစားဆိုတာ အရွယ်နဲ့ လိုက်အောင် ရွေးချယ်ဝတ်ရတာ ဖြစ်ပါတယ်။ ဆယ်ကျော်သက်မှာ ဘယ်လိုပဲ ဝတ်ခဲ့ဝတ်ခဲ့ အရွယ်ရလာရင်တော့ တချို့ ဝတ်ပုံစားပုံတွေကို အရွယ်နဲ့ လိုက်အောင် ပြောင်းလဲပေးရမှာပါ။ အသက် ၃၀ ရောက်လာပြီဆိုရင် အလုပ်နဲ့အကိုင်နဲ့ ဖြစ်နေပါပြီ။ ကိုယ့်အလုပ်အကိုင်နဲ့ပတ်သက်တဲ့ အသိုင်းအဝိုင်းမှာ ကိုယ်ဟာလည်း လူကြီးတစ်ယောက်အဖြစ် ပီပီပြင်ပြင် ရောက်ရှိလာပြီ ဖြစ်ပါတယ်။

ဒါကြောင့် အသက် ၃၀ အရွယ်ရောက်လာရင်တော့ ကိုယ့်ရဲ့ အမူအကျင့်နဲ့ နေမှုထိုင်မှုအပြင် အဝတ်အစား ဝတ်စားဆင်ယင်မှုပုံစံပါ ပြောင်းလဲပေးဖို့ လိုပါတယ်။ အသက် ၃၀ တန်း အမျိုးသားတစ်ယောက်အနေနဲ့ Smart Casual ဖက်ရှင်မျိုး ပိုဝတ်ရမှာပါ။ Casual သိပ်ဆန်ဆန် ဝတ်တာမျိုးက ကိုယ့်အရွယ်နဲ့ သိပ်မလိုက်တော့ပါဘူး။ ပိုဆိုးတာက Ripped Jeans လို Short Pant လို သိပ်ပြီး လူငယ်ဆန်လွန်းတာမျိုး ဝတ်တာမျိုး ဖြစ်ပါတယ်။

Photo: Freepik

တီရှပ်ဝတ်မယ်ဆိုရင်တောင် ရိုးရိုးရှင်းရှင်းဖြစ်မယ့် ဒီဇိုင်းမျိုး ၊ ဒါမှမဟုတ် Polo Shirt မျိုးက အသက် ၃၀ တန်း ယောင်္ကျားလေးတွေနဲ့ ပိုလိုက်ဖက်ပါတယ်။ Graphic Tee နဲ့ သိပ်ပြီး ကြောင်ကြောင်ကြားကြား ဖြစ်တဲ့ အဝတ်အစားတွေကတော့ ရှောင်ကြဉ်ရမှာပါ။ တကယ်လို့ ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်ဆန် တီရှပ်ဝတ်ချင်ရင် ခပ်ရှင်းရှင်း T-Shirt လေးနဲ့ Jeans ဘောင်းဘီမျိုး တွဲဝတ်နိုင်ပါတယ်။

ဘောင်းဘီတို ၊ ညှပ်ဖိနပ်နဲ့ စွပ်ကျယ်ဂျိုင်းပြတ်မျိုးက အိမ်နေရင်းပဲ ဝတ်ပါ။ အပြင်သွားရင် ၊ အလုပ်သွားရင် ပိုပြီး Formal ကျတဲ့ ဖက်ရှင်မျိုး ရွေးဝတ်ဖို့ အကြံပေးချင်ပါတယ်။ အထက်တန်းကျောင်းတုန်းကလို အဝတ်အစားမျိုးကို လက်ပြနှုတ်ဆက်လိုက်ပါ။ အပွသား Jeans Pant တွေ ၊ Oversized Polo နဲ့ T-Shirts တွေလည်း မဝတ်သင့်တော့ပါဘူး။ နောက်ပြီး ကျောပိုးအိတ်ကြီး လွယ်ပြီး နေရာတကာ လျှောက်သွားနေတာမျိုးလည်း မဖြစ်သင့်တော့ပါဘူး။

Photo: PIXNIO

နောက်ဆုံးပြောချင်တာက ဖိနပ်စီးမယ်ဆိုရင် သိပ်ပြီး Casual Style ဖြစ်တဲ့ Flip-Flops တို့ Sandals တို့ မစီးပါနဲ့။ တကယ်လို့ Sneaker စီးရတာ သဘောကျတယ်ဆိုရင်လည်း စတိုင်ကျဖို့အပြင် ပွဲတက်ဖို့ပါ အဆင်ပြေတဲ့ Sneaker မျိုး စီးဖို့ အကြံပေးချင်ပါတယ်။