အမျိုးသားများရဲ့ခန္ဓာကိုယ်အချိုးအစားကို အဓိကအားဖြင့် (၅) မျိုး ခွဲခြားနိုင်ပါတယ်။ ထောင့်မှန်စတုဂံပုံ၊ တြိဂံအတည့်ပုံ၊ တြိဂံဇောက်ထိုးပုံ၊ တြာပီဇီယမ်ပုံနှင့် ဘဲဥပုံတို့ပဲဖြစ်ပါတယ်။

သင့်ခန္ဓာကိုယ်ကရော ဘယ်အမျိုးအစားထဲမှာ ပါဝင်ပါသလဲ။ သင့်ခန္ဓာကိုယ်အချိုးအစားလိုက် ဘယ်လိုဖက်ရှင်မျိုးကို ဝတ်ဆင်ရမလဲဆိုတာကိုရော သင် သိပါသလား။

ဒီဆောင်းပါးလေးကနေတဆင့် သင့်ခန္ဓာကိုယ်အချိုးအစားနဲ့လိုက်ဖက်တဲ့ ဖက်ရှင်များကို ရွေးချယ်ဝတ်ဆင်ကာ စတိုင်ကျအောင် ဖန်တီးလိုက်ပါ။

တြိဂံပုံခန္ဓာကိုယ်အချိုးအစားပိုင်ရှင်များအတွက်

man fashion for different body type

အမျိုးသားအများစုသည် အသက်တဖြည်းဖြည်းကြီးလာသည်နှင့်တပြိုင်နက် ခါးနှင့် တင်ပါးတို့မှာ အဆီပိုတွေ စုလာတတ်ကြပါတယ်။ ရလာဒ်အနေနဲ့ကတော့ တြိဂံပုံသဏ္ဍာန်ခန္ဓာကိုယ် ဖြစ်သွားကြပါတယ်။ ဒီလိုခန္ဓာကိုယ် ပိုင်ရှင်များက ခန္ဓာကိုယ် သေးသွယ်သယောင်ပုံပေါ်စေမယ့် ဒေါင်လိုက်အစင်းကျားဖက်ရှင်များ၊ မီးခိုးရောင်၊ နေဗီပြာရောင် (သို့) အနက်ရောင်အဝတ်အစားများကို ဝတ်ဆင်သင့်ပါတယ်။ ကိုယ်ကြပ်ဘောင်းဘီ၊ အင်္ကျီများ ဝတ်ဆင်ခြင်းကိုတော့ ရှောင်ကြဉ်သင့်ပါတယ်။

တြိဂံဇောက်ထိုးပုံသဏ္ဍာန် ခန္ဓာကိုယ်ပိုင်ရှင်များ

man fashion for different body type

ဒီခန္ဓာကိုယ်ပိုင်ရှင်တွေကတော့ ရင်အုပ်ကျယ်တဲ့ခန္ဓာကိုယ်ပိုင်ရှင်တွေပဲဖြစ်ပါတယ်။ သူတို့ကတော့ အလျားလိုက်အစင်းကျားတီရှပ်များ၊ ကိုယ်ကြပ်အင်္ကျီများ၊ ဗွီပုံသဏ္ဍာန် လည်ပင်းပေါက်ပါသော တီရှပ်များ၊ ဒဲ့ပွဂျင်းဘောင်းဘီများကို ဝတ်ဆင်သင့်ပါတယ်။

ထောင့်မှန်စတုဂံပုံ ခန္ဓာကိုယ်ပိုင်ရှင်များ

man fashion for different body type

ရင်အုပ်အကျယ်နှင့် ခါး တင်ပါးအကျယ်တို့က အတူတူပဲဖြစ်ပါတယ်။ များသောအားဖြင့် ပိန်ပိန်ပါးပါးနှင့် အရပ်ရှည်သောသူတွေဖြစ်ကြပါတယ်။ ဒီခန္ဓာကိုယ် ပိုင်ရှင်တွေကတော့ ပိန်ပါးတဲ့အတွက်ကြောင့် အင်္ကျီနှစ်ထပ်ခန့် ဝတ်ဆင်ပါက အင်မတန်လိုက်ဖက်ပါတယ်။ အလျားလိုက်အစင်းကျားရှပ်အင်္ကျီများကိုလည်း ဝတ်ဆင်သင့်ပါတယ်။

ဘဲဥပုံသဏ္ဍာန် ခန္ဓာကိုယ်ပိုင်ရှင်များ

man fashion for different body type

သင့်အနေနဲ့ ဝမ်းဗိုက်မှာ အဆီပိုတွေစုပြီး ဗိုက်ပူနေတယ်ဆိုရင်တော့ ဒီခန္ဓာကိုယ်အချိုးအစားထဲ ပါဝင်ပါတယ်။ ဒီခန္ဓာကိုယ်ပိုင်ရှင်တွေကတော့ ဗြောင်အဝတ်အစားများနဲ့ လိုက်ဖက်ပြီး ဘောင်းဘီဝတ်တဲ့အခါမှာလည်း ခါးပတ်ကို ကြပ်ထုတ်နေအောင် မဝတ်ဆင်သင့်ပါဘူး။ ကိုယ်ကြပ်အဝတ်အစားများ၊ အင်္ကျီအကွက်များ၊ အစင်းကျားများ ဝတ်ဆင်ခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

တြာပီဇီယမ် ခန္ဓာကိုယ်အချိုးအစားပိုင်ရှင်များ

man fashion for different body type

များသောအားဖြင့် အားကစားလိုက်စားတဲ့အမျိုးသားတွေက ဒီလိုခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားကြပါတယ်။ သင့်အနေနဲ့ ဘောင်းဘီရွေးချယ်တဲ့အခါ ဘောင်းဘီပွပွ ဝတ်ဆင်ခြင်းကို ရှောင်ကြဉ်သင့်ပြီး ခန္ဓာကိုယ်နဲ့ ကွက်တိကျစေမယ့် ဘောင်းဘီမျိုးကို ဝတ်ဆင်သင့်ပါတယ်။ အင်္ကျီလည်း ထိုနည်းလည်းကောင်းပါပဲ။ ဒေါင်လိုက်အစင်းကျားအင်္ကျီတွေကတော့ သင့်ကို အရပ်ပိုရှည်သယောင် ဖန်တီးပေးပါတယ်။

Source: Realmenrealstyle.com