ကမ္ဘာပေါ်မှာ ပထမဆုံးအမြန်ဆုံးပြေးနိုင်တဲ့ ကားအဖြစ် မှတ်တမ်းဝင်တဲ့ကားဟာ ၁၈၉၄ ထုတ် Benz Velo ဆိုတဲ့ကား ဖြစ်ပါတယ်။ အဲ့ဒီအချိန်က သူ့ရဲ့ စံချိန်ဟာ တစ်နာရီ ၁၂ မိုင်နှုန်း ဖြစ်ပါတယ်။ တစ်နာရီမိုင်ရာနဲ့ချီပြေးနိုင်တဲ့ ပထမဆုံးကားက Jaguar XK120 ဖြစ်ပြီး ၁၉၅၀ ခုနှစ်မှာ တစ်နာရီ ၁၂၄.၆ မိုင်နှုန်း ပြေးခဲ့တာ ဖြစ်ပါတယ်။ အခုနောက်ပိုင်းမှာ McLaren တို့ ၊ Bugatti တို့လို Supercar ကုမ္ပဏီတွေဟာ ကမ္ဘာ့အမြန်ဆုံးပြိုင်ကားတွေ ထုတ်လုပ်ပြီး နာမည်ကျော်လာပါတယ်။ ဒီနှစ်အတွက် ကမ္ဘာပေါ်မှာ အမြန်ဆုံး Supercar တွေက ဘယ်ကားတွေလဲ ကြည့်လိုက်ရအောင်ပါ။
(၁) SSC Tuatara

Photo: topspeed
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲမှာ SSC ဟာ နီဗားဒါးသဲကန္တာရထဲမှာ ပြိုင်ကားသစ်ရဲ့ အပြေးနှုန်းကို စမ်းခဲ့ပါတယ်။ SSC Tuatara ဟာ တစ်နာရီ မိုင်ပေါင်း ၃၁၆ မိုင်နှုန်းအထိ ပြေးနိုင်ခဲ့ပြီး ကမ္ဘာ့အမြန်ဆုံးကားစံချိန် တင်နိုင်ခဲ့ပါတယ်။ ဒုတိယအကြိမ် ကြိုးပမ်းမှုမှာတော့ ၂၈၂.၆ မိုင်နှုန်းပဲ ရောက်ခဲ့တာကြောင့် Bugatti Chiron Super Sport လောက် မမြန်ဘူးလို့ သတ်မှတ်ခဲ့ပါတယ်။ SSC ဟာ Tuatara ကားတစ်စီးကို ဒေါ်လာ ၁.၆ သန်းနှုန်းနဲ့ ရောင်းချနေပြီး စုစုပေါင်း ကားအစီးရေ ၁၀၀ ထုတ်ပါတယ်။
(၂) Bugatti Chiron Super Sport

Photo: topspeed
Bugatti Chiron တွေဟာ ကမ္ဘာ့အမြန်ဆုံးပြိုင်ကားတွေထဲမှာ ထိပ်ဆုံးကထားပြီး ပြောရတဲ့ ကားတွေ ဖြစ်ပါတယ်။ ဒီပြင်သစ်ကားကုမ္ပဏီက ထုတ်တဲ့ Chiron Super Sport 300+ ကို ပြီးခဲ့တဲ့နှစ် ဩဂုတ်လက မောင်းနှင်ရာမှာ တစ်နာရီမိုင်ပေါင်း ၃၀၄.၇ မိုင်အထိ Top Speed နဲ့ ပြေးနိုင်ခဲ့ပါတယ်။ အစီးရေ ၃၀ ပဲ ထုတ်တဲ့ Limited ဗားရှင်းတွေ ဖြစ်ပြီး ဂင်းနစ်စံချိန်တင်တဲ့ ကားတွေလည်း ဖြစ်ပါတယ်။ ဈေးနှုန်း က တစ်စီးကို ဒေါ်လာ ၃.၈ သန်း သတ်မှတ်ထားတာပါ။
(၃) Koenigsegg Agera RS

Photo: topspeed
ဆွီဒင်ကားကုမ္ပဏီ Koenigsegg က ထုတ်တဲ့ Agera RS တွေဟာ ကမ္ဘာ့အမြန်ဆုံးကားစာရင်းမှာ ပါဝင်ပါတယ်။ ၂၀၁၇ နိုဝင်ဘာလမှာ Agera RS ဟာ ပျမ်းမျှ တစ်နာရီ ၂၇၇.၉ မိုင်နှုန်းနဲ့ ကမ္ဘာ့အမြန်ဆုံးကားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ Agera RS တွေဟာ စုစုပေါင်းမှ ၂၅ စီးပဲ ထွက်ပါတယ်။ တစ်စီးကို ဒေါ်လာ ၂.၅ သန်း တန်ပါတယ်။
(၄) Hennessey Venom GT

Photo: topspeed
Henessey Venom GT ကို ၂၀၁၁ က စတင်ကြေညာခဲ့တာဖြစ်ပေမယ့် ၂၀၁၇ အထိ ထုတ်လုပ်ဆဲအဆင့်မှာပဲ ရှိခဲ့တာပါ။ ၇ နှစ်အတွင်းမှာလည်း Venom GT ၁၃ စီးပဲ တည်ဆောက်နိုင်ခဲ့ပါတယ်။ Twin-Turbo နဲ့ လာပြီး General Motors ရဲ့ LS7 V-8 အင်ဂျင်တပ်ထားတဲ့ ကားတွေပါ။ ၂၀၁၄ ခုနှစ်က တင်ခဲ့တဲ့ အမြင့်ဆုံး Speed ကတော့ တစ်နာရီ ၂၇၀.၄ မိုင်နှုန်း ဖြစ်ပါတယ်။ Hennessey Venom GT ကားတစ်စီးဟာ ဒေါ်လာ ၁.၂သန်း တန်ပါတယ်။
(၅) Bugatti Veyron Super Sport

Photo: topspeed
Bugatti Veyron တွေဟာ ၂၀၂၁ ခုနှစ်နဲ့ဆို ၁၆ နှစ်သက်တမ်းရှိပြီ ဖြစ်တဲ့ ကားတွေပါ။ ဒါပေမယ့်လည်း တည်ဆောက်ခဲ့တဲ့ ကားတွေထဲမှာ အမြန်ဆုံးကားတွေအဖြစ် အခုထိ လက်ခံထားရဆဲ ဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ်က တင်ခဲ့တဲ့ စံချိန်အရဆိုရင် Veyron တွေဟာ ကမ္ဘာ့အမြန်ဆုံးမှာ တစ်နာရီ ၂၆၇.၈ မိုင်နှုန်းနဲ့ စတုတ္တအမြန်ဆုံးကားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
Veyron Super Sport ကားတွေကတော့ Veyron တွေထဲမှာ စွမ်းဆောင်ရည်အမြင့်ဆုံးဗားရှင်းဖြစ်ပြီး တစ်နာရီ မိုင်၂၅၈ မိုင်အထိ ပြေးနိုင်အောင် ထုတ်ထားတာပါ။ ဒါတောင် ကားတာယာတွေ မထိခိုက်အောင် Speed ကန့်သတ်ထားတာ ဖြစ်ပါတယ်။ Veyron Super Sport ကားအစီးရေ ၃၀ ထုတ်ပြီး တစ်စီးချင်းဈေးကတော့ ဒေါ်လာ ၂.၇ သန်း ရှိပါတယ်။
