ကမ္ဘာပေါ်မှာ လူကြည့်အများဆုံးအားကစားကို ပြောပါဆိုရင် ဘောလုံးအားကစားကိုပဲ ပြောရမှာပါ။ ဘောလုံးအားကစားကို အနုပညာနဲ့ တွဲပြီးတောင် ပြောကြပါတယ်။ ၃၄၅ ပေ x ၂၂၂ ပေ ဘောလုံးကွင်းတစ်ခုဟာ အားကစားအနုပညာနဲ့ ပြိုင်ဆိုင်မှုအလှတရားတို့ ခင်းကျင်းရာ ကင်းဗတ်စ်ကြီးသဖွယ်ပါပဲ။

ဘောလုံးအားကစားသမိုင်းတစ်လျှောက်မှာ လှပခမ်းနားတဲ့ သွင်းဂိုးတွေအလီလီ ရှိခဲ့ပါတယ်။ လျှပ်လက်သလို မြန်ဆန်လွန်းတဲ့ တိုက်စစ်နဲ့ ဂိုးသွင်းချက်တွေလည်း အများကြီးပါပဲ။ ဒီဆောင်းပါးမှာတော့ ဘောလုံးသမိုင်းမှာ အမြန်ဆုံးနှုန်းနဲ့ သွင်းယူခဲ့တဲ့ ဂိုးတွေအကြောင်း ပြောပြပေးချင်ပါတယ်။

(၅) ရာဖေးလ် လီအာယို – ၆.၂ စက္ကန့်

Source : Serie A

အီတလီစီးရီးအေရဲ့ အတော်ဆုံး တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံရတဲ့ ရာဖေးလ် လီအာယို ၂၀၂၀ ဒီဇင်ဘာ ၂၀ က သွင်းခဲ့တဲ့ ဂိုးဟာ စီးရီးအေမှာ အမြန်ဆုံးဂိုးအဖြစ် သတ်မှတ်ခံရပါတယ်။ အေစီမီလန်နဲ့ ဆက်ဆူလိုပွဲမှာ သွင်းခဲ့တာ ဖြစ်ပါတယ်။ ခရာမှုတ်ပြီး ၆.၂ စက္ကန့်အကြာမှာ သွင်းယူခဲ့တဲ့ အံ့ဖွယ်ဂိုးတစ်ခုပါပဲ။

(၄) ဂျင်မ် ဖရိုင်းယက် – ၄ စက္ကန့်

Source : soccermavn

အင်္ဂလန်ဘောလုံးသမား ဖရိုင်းယက်ဟာလည်း သူ့ခေတ်သူ့အခါက အတော်ဆုံးတိုက်စစ်မှူးတွေထဲမှာ ထည့်သွင်းဖော်ပြခံရသူတစ်ဦး ဖြစ်ပါတယ်။ စတော့ခ်ပေါ့တ်ကောင်တီ နဲ့ ဘလက်ဘန်းရိုဗားစ်အသင်းတွေအပါအဝင် အသင်းအတော်များများမှာ ကစားခဲ့တဲ့သူဟာ ထရန်မီရာ ရိုဗားစ်အသင်းနဲ့ တွေ့တဲ့ ၁၉၆၄ ခုနှစ် ဧပြီ ၂၅ ရက်ပွဲမှာ ပွဲစပြီး ၄ စက္ကန့်အတွင်း ဂိုးသွင်းခဲ့တာပါ။ အဲ့ဒီတုန်ကတော့ သူဟာ ဘရက်ဒ်ဖို့ အက်ဖ်စီမှာ ကစားခဲ့တာလည်း ဖြစ်ပါတယ်။

(၃) နာဝက်ဖ်အယ် အဘက်ဒ်- ၂.၄ စက္ကန့်

Source : daiwi

ကမ္ဘာ့ဘောလုံးလောကမှာ သူ့နာမည်ကို သိတဲ့သူရှားပါလိမ့်မယ်။ ဒါပေမယ့် ဆောဒီအာရေဗျဘောလုံးသမား အယ် အဘက်ဒ်ဟာ ကမ္ဘာ့တတိယအမြန်ဆုံးဂိုးသွင်းသူအဖြစ် မှတ်တမ်းဝင်ထားပါတယ်။ အယ်ရှာအိုလားအသင်းနဲ့ ကစားစဉ်မှာ သူဟာ ဂိုးတိုင်အတွင်း ဂိုးသမားမရှိတာမြင်လို့ ကွင်းလယ်ကနေအဝေးကစ်ထည့်လိုက်တာ ဖြစ်ပါတယ်။ အယ် ဟိုင်လယ်အသင်းဟာ အဲ့ဒီနေ့က အယ်လ်ရှာအိုလားကို ၄-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

(၂) မာ့စ် ဘားရိုးစ် – ၂ စက္ကန့်

Source : Arthur Richards

ကိုဝီးစ်စပေါ့ အသင်းမှာ ကစားခဲ့တဲ့ မာ့စ်ဘားရိုးစ်ရဲ့ အိစ်လိုက်အသင်းနဲ့ပွဲမှာ သွင်းတဲ့ ဂိုးဟာ ကမ္ဘာ့ဒုတိယအမြန်ဆုံးဂိုး ဖြစ်တယ်လို့ ဆိုပါတယ်။ ၂ စက္ကန့်အတွင်း သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ စပေးဘောမှာကတည်းက သွင်းခဲ့တာ ဖြစ်ပါတယ်။ မာ့စ်ဘားရိုးစ်ဟာ အရွယ်ကောင်းတုန်း အသက် ၃၀ မှာတင် ကင်ဆာကြောင့် ကွယ်လွန်ခဲ့ပါတယ်။

(၁) နစ်ခ်လက်စ် ဘန်တနာ – ၁.၈ စက္ကန့်

Source : Rithvik Punja

ကမ္ဘာပေါ်မှာ အမြန်ဆုံးဂိုးသွင်းယူတဲ့ စံချိန်ကို နစ်ကလက်စ် ဘန်တနာက ဗိုလ်စွဲထားပါတယ်။ ပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်တဲ့ အာဆင်နယ်ကစားသမား နစ်ကလက်စ် ဘန်တနာဟာ တော့တင်ဟမ်ဟော့စပါးအသင်းနဲ့ ပွဲမှာ အီမန်နျူရယ် အီဘိုရေးအစား လူစားဝင်ပြီး ၁.၈ စက္ကန့်အတွင်း ဖာဘရီဂတ်စ်တင်လိုက်တဲ့ ဘောလုံးကို ခေါင်းတိုက်သွင်းခဲ့တာပါ။ ဘောလုံးကစားပြီး ၁.၈ စက္ကန့်အတွင်း ဂိုးသွင်းနိုင်ခဲ့လို့ သူကို အမြန်ဆုံးဂိုးသွင်းရှင်လို့ ပြောကြတာဖြစ်ပါတယ်။

Featured Photo: victor-mochere