နယူးယော့ခ်မှာ ရှိတဲ့ 3D ပရင့်တာနည်းပညာနဲ့ ဆောက်လုပ်ထားတဲ့ အမေရိကန်ရဲ့ ပထမဆုံးအိမ်ကို အွန်လိုင်းမှာ ၂၉၉၉၉၉ ဒေါ်လာ ဈေးနဲ့ ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။

Photo: woodworkingnetwork
Zillow အွန်လိုင်းမှာ တင်ထားတဲ့ Riverhead အိမ်ကို SQ4D လို့ခေါ်တဲ့ ကုမ္ပဏီတစ်ခုက ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ SQ4D ဟာ ကြီးမားတဲ့ 3D Printer ကြီးတစ်ခုအပါဝင် အလိုအလျောက်စနစ်သုံး စက်ရုပ်ဆောက်လုပ်ရေးစနစ် Autonomous Robotic Construction System သုံးပြီး ဆောက်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီစနစ်မှာ ပါတဲ့ 3D Printer ဟာ အိမ်အတွက် လိုအပ်တဲ့အစိတ်အပိုင်းတစ်ခုချင်းစီကို ဆောက်လုပ်ရေး လုပ်ငန်းခွင်ထဲမှာ ဖန်တီးတာပါ။
“ကွန်ကရစ်နဲ့ ဆောက်ထားတာ ဖြစ်ပြီး သမရိုးကျ သစ်သားဖရိမ် ဆောက်လုပ်မှုတွေနဲ့ မတူအောင် အကြမ်းခံမှုနဲ့ မာကျောမှု ရှိပါတယ်။” လို့ ကုမ္ပဏီက ဆိုပါတယ်။

Photo : 101.5 WPDH
စတုရန်းပေ ၁၄၀၀ ရှိတဲ့ ဒီအိမ်မှာ အိပ်ခန်း ၃ ခန်း ၊ ရေချိုးခန်း ၂ ခန်းနဲ့ သီးသန့် ကားနှစ်စင်းထားစာ ဂိုထောင်တစ်လုံးလည်း ပါရှိပါတယ်။ SQ4D ရဲ့ ဒီအိမ်တည်ဆောက်မှုကို YouTuber တစ်ဦးဖြစ်တဲ့ ဂျရတ် ဂရော့စ်က ဗွီဒီယိုတွေ စီးရီးလိုက် တင်ဆက်ခဲ့ပါတယ်။
SQ4D ကတော့ ငွေများများမသုံးရဘဲ ကိုယ်ပိုင်အိမ်တစ်လုံး ပိုင်ဆိုင်ဖို့ အလားတူ အိမ်တွေ တည်ဆောက်ဖို့ ရည်မှန်းထားတယ်လို့ ဆိုပါတယ်။ လက်ရှိ 3D ပရင့်နည်းပညာနဲ့ ထုတ်ထားတဲ့ အိမ်ကို ဒေါ်လာ ၃ သိန်း (မြန်မာငွေ သိန်း ၄၀၀၀ ကျော်) ဈေးဆိုတာကတော့ အတော်လေး များသေးတယ်လို့ ပြောရပါလိမ့်မယ်။
