အိမ်တိုင်းအိမ်တိုင်းမှာ ထင်မှတ်မထားတဲ့ အသေးစား မတော်တဆမှုတွေနဲ့ ထိခိုက်ဒဏ်ရာ အနာတရတွေကို ကုသဖို့အတွက် အခြေခံအကျဆုံး ကျန်းမာရေးဆိုင်ရာ ရှေးဦးသူနာပြု ပစ္စည်းကိရိယာ အစုံအလင်ရှိထားသင့်ပါတယ်။ တချို့ကလည်း အချိန်မရွေး အလွယ်တကူ အသုံးပြုနိုင်ဖို့ အိတ်ဆောင် First Aid ပစ္စည်းတွေကို ကိုယ်နဲ့မကွာဆောင်ထားကြသလို တချို့ကလည်း အရေးပေါ်အသုံးပြုနိုင်ရန် ကားထဲမှာ အသင့်ထည့်ထားလေ့ရှိပါတယ်။ အကယ်၍ ကျန်းမာရေးအခြေအနေအရ တစ်စုံတစ်ရာ အရေးပေါ်လိုအပ်လာပါက ဆေးဝါးပစ္စည်းတွေ အလွယ်တကူ မရနိုင်တဲ့အချိန်တွေမှာ ဒီလို First Aid ပစ္စည်း တွေ ဆောင်ထားတာက တကယ်ကိုပဲ အသုံးဝင်စေမှာ ဖြစ်ပါတယ်။ ကဲဒါဆို ဘယ်လိုမျိုး အခြေခံကျတဲ့ ကျန်းမာရေးဆိုင်ရာ First Aid ပစ္စည်းတွေ ဆောင်ထားသင့်သလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

(၁) ဇာဂနာ

Photo : Web MD

Hiking ထွက်တာ တခြားသော Outdoor Activities တွေ ပြုလုပ်လေ့ရှိတဲ့ သူတစ်ယောက်ဆိုရင် First Aid ပစ္စည်းတွေထဲမှာ အနည်းဆုံး ဇာဂနာတစ်ချောင်းတော့ ထည့်ထားဖို့ လိုပါတယ်။ ဇာဂနာက မတော်တဆ ဆူးစူးတာ ၊ ဖန်ကွဲစ စူးတာတွေကို ကုသနိုင်မယ့် အထိရောက်ဆုံး ကိရိယာတစ်ခုပါ။ ကွီးတို့အနေနဲ့ ဇာဂနာကို အသုံးမပြုခင်တိုင်းမှာ အရက်ပျံနဲ့ သေချာဆေးကြောပြီးမှာ သုံးဖို့ အကြံပြုချင်ပါတယ်။

(၂) Hand Sanitizer / လက်သန့်ဆေး

Photo : Web MD

ဆပ်ပြာနဲ့ရေ အလွယ်တကူမရနိုင်တဲ့ အခြေအနေမှာ အယ်လ်ကိုဟောပါဝင်တဲ့ လက်သန့်ဆေးရည်တွေက တကယ်ကို အသုံးဝင်ပါတယ်။ ဒဏ်ရာအနာတရ ဖြစ်လို့ လက်နဲ့ ကိုင်တွယ်တော့မယ် ဆိုရင်ပဲဖြစ်ဖြစ် ၊ အစားအသောက်မစားခင် လက်ကိုသန့်စင်ချင်လို့ပဲ ဖြစ်ဖြစ် Hand Sanitizer / လက်သန့်ဆေး တွေကို သုံးနိုင်ပါတယ်။ အခုလို ကိုဗစ် ၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားနေချိန်မှာ Hand Sanitizer / လက်သန့်ဆေးရည်တွေက ပိုပြီးတောင် ဆောင်ထားဖို့ သင့်ပါတယ်။

(၃) အကိုက်အခဲပျောက်ဆေး

Photo : Web MD

ကိုက်ခဲနာကျင်မှုတွေ ၊ ဖျားနာခြင်းတွေကို ကုသနိုင်ဖို့အတွက် အကိုက်အခဲပျောက်ဆေးကတော့ မရှိမဖြစ် လိုအပ်ပါတယ်။ Aspirin ၊ Acetaminophen နဲ့ Ibuprofen တို့လို အကိုက်အခဲပျောက်ဆေးတွေကိုတော့ ဆေးဆိုင်တိုင်းမှာ လွယ်လွယ်ကူကူ ဝယ်ယူလို့ ရပါတယ်။ အကယ်၍ ရောဂါအခံတစ်ခုခု ရှိပါက ဆရာဝန်ညွှန်းကြားတဲ့ ဆေးကိုသာ ဆောင်ထားဖို့ အကြံပြုချင်ပါတယ်။

(၄) ဆေးပတ်တီး

Photo : Web MD

ထိခိုက်ဒဏ်ရာ ၊ ခြစ်ရာရှရာနဲ့ သွေးထွက်ဒဏ်ရာတွေအတွက် ဆေးပတ်တီးကို အသုံးပြုနိုင်ပါတယ်။ ဒဏ်ရာကို သွေးတိတ်အောင် ပြုလုပ်နိုင်သလို ပြင်ပက ပိုးမွှားတွေမဝင်အောင်လည်း ဖုံးအုပ်ကာကွယ်ပေး နိုင်ပါတယ်။

(၅) အရက်ပျံစက္ကူစ

Photo : Web MD

ခြစ်ရာတွေ ဒါမှမဟုတ် ဒဏ်ရာတွေကို ပတ်တီးမပတ်ခင်မှာ ဆေးကြောသန့်စင်ဖို့ လိုပါလိမ့်မယ်။ အနီးနားမှာ သန့်စင်တဲ့ ရေမရှိတဲ့အခါမျိုးမှာ အရက်ပျံပါတဲ့ စက္ကူစတွေက ဒဏ်ရာတွေကို သန့်ရှင်းရေးလုပ်ဖို့အတွက် အသုံးဝင်ပါတယ်။ အရွယ်အစား သေးသေးကွေးကွေးနဲ့ ရနိုင်တာကြောင့် နေရာမယူပဲ ထုပ်ပိုးရတာလည်း လွယ်ကူပါတယ်။

(၆) Antibiotic ခရမ်င်

Photo : Web MD

Antibiotic ခရမ်င်တွေကို အခြေအနေအမျိုးမျိုးအတွက် အသုံးပြုနိုင်ပါတယ်။ ၎င်းက သေးငယ်တဲ့ဒဏ်ရာတွေကို ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒဏ်ရာ ဧရိယာတဝိုက်ကို စိုစွတ်စေပြီး အနာကျက်စေနိုင်ပါတယ်။ ပြီးတော့ ဒဏ်ရာကို ပတ်တီးနဲ့ မကပ်အောင် ကူညီပေးနိုင်ပါတယ်။

Featured Photo : Bob Vila