Workout ကစားဖို့ အကောင်းဆုံး အချိန်က ဘယ်အချိန်လဲ။ မနက်ပိုင်းလား ၊ ညနေပိုင်းလား။ ဒီမေးခွန်းက အားကစားလုပ်သူအတော်များများ သိချင်နေကြတဲ့ မေးခွန်း ဖြစ်ပါတယ်။ တကယ်တော့ မနက်ပိုင်း အားကစားလုပ်တာနဲ့ ညနေပိုင်း အားကစားလုပ်တာနှစ်ခုစလုံးမှာ အားသာချက် အားနည်းချက် ကိုယ်စီရှိကြပါတယ်။
အရင်ဆုံး မနက်ပိုင်းကစားတဲ့ အကျိုးကျေးဇူးတစ်ချို့ ပြောချင်ပါတယ်။ မနက်စောစော အားကစားလုပ်ခြင်းဟာ နေ့လယ်ပိုင်းမှာ စွမ်းအင် Level တိုးမြင့်အောင် ကူညီပေးနိုင်ပါတယ်။ လူ့ကိုယ်ခန္ဓာဟာ နေ့လယ်နဲ့ ညနေအကြားမှာ အကောင်းဆုံး စွမ်းဆောင်နိုင်လို့ မနက်ခင်းအားကစားလုပ်တာဟာ တစ်နေ့လုံး တက်ကြွရွှင်လန်းစေနိုင်ပါတယ်။

Photo: Pexels

နောက်တစ်ချက်က မနက်စာမစားခင် အားကစားလုပ်တာဟာ ညနေဘက် အားကစားလုပ်တာထက်စာရင် အဆီလောင်ကျွမ်းမှု ပိုထိရောက်ပါတယ်။ တစ်နေ့လုံး ကယ်လိုရီတွေ လောင်ကျွမ်းနေဖို့လည်း အကူအညီပေးပါတယ်။ အာရုံစူးစိုက်မှု ပိုကောင်းပြီး ဇီဝကမ္မဖြစ်စဉ် တိုးတက်စေသလို ညဘက်လည်း ပိုအိပ်လို့ကောင်းမှာ ဖြစ်ပါတယ်။

မနက်စောစော အိပ်ရာက မထနိုင်သူတွေအတွက် ညနေဘက် အားကစားလုပ်မယ်ဆိုရင်လည်း အားသာချက်တွေ ရှိပါတယ်။ ညနေဘက်မှာ ခန္ဓာကိုယ်အပူချိန်ဟာ အမြင့်ဆုံး ဖြစ်နေပါတယ်။ အရိုးအဆစ်နဲ့ ကြွက်သားတွေဟာ မနက်ပိုင်းထက်စာရင် ၂၀% ပိုပြီး ပျော့ပြောင်းမှု ရှိနေလို့ လေ့ကျင့်ခန်းလုပ်ရာမှာ ထိခိုက်ဒဏ်ရာရမှု နည်းပြီး အားကစားလုပ်လို့ ပိုကောင်းစေမှာပါ။

ညနေခင်း အားကစားလုပ်တဲ့ နောက်အကျိုးကျေးဇူးတစ်ခုက တစ်နေလုံး စိတ်ဖိစီးလာတဲ့ ခံစားချက်တွေကို Workout လုပ်ပြီး မောင်းထုတ်နိုင်တာ ဖြစ်ပါတယ်။ အားကစားလုပ်ရင်း ထွက်သွားတဲ့ ချွေးတွေ သက်ပြင်းတွေနဲ့အတူ တစ်နေကုန်ဖိစီးထားတဲ့ စိတ်လေးလံမှုတွေလည်း ပေါ့ပါးသွားမှာပါ။

Photo: Unsplash

ညနေဘက် အားကစားလုပ်မယ်လုပ်ပြီးရင် အကြောလေး ဘာလေး လျှော့တာ ၊ ယောဂကစားတာမျိုးလေးတွေ လုပ်သင့်ပါတယ်။ ညဘက် Workout လုပ်မယ်ဆိုရင် အိပ်ချိန်နဲ့ ကပ်သွားရင် အိပ်ပျော်ဖို့ ခက်နိုင်တာကြောင့် ဖြစ်ပါတယ်။ ညနေဘက်ဆိုတာ ရုံးဆင်းချိန်လည်း ဖြစ်လို့ Gym မှာ ကစားသူတွေ ပြည့်နေပြီး ကိုယ့်အတွက် နေရာမရလည်း ဖြစ်တတ်ပါတယ်။

အခုပြောခဲ့တာတွေ ပြန်ကြည့်မယ်ဆိုရင် မနက်ပိုင်းပဲ အားကစားလုပ်လုပ် ၊ ညနေပိုင်းပဲ အားကစားလုပ်လုပ် သူ့ဟာနဲ့သူ ကောင်းကျိုးတွေ ရှိပါတယ်။ အားကစားလုပ်တာဟာ အဖက်ဖက်က ကောင်းကျိုးများတဲ့ လုပ်ရပ် ဖြစ်ပါတယ်။ ရေရှည် စွဲစွဲမြဲမြဲ Workout လုပ်ဖို့ ကိုယ်နဲ့ အဆင်ပြေဆုံး အချိန်ကို ရွေးချယ်ဖို့က အရေးအကြီးဆုံးလို့ပဲ ပြောချင်ပါတယ်။