ကိုယ်ခံအားစနစ်ဆိုတာ သက်ရှိလူသားတွေအတွက်တော့ လွန်စွာအရေးကြီးပါတယ်။ လူတစ်ယောက်နေ့စဉ် သွားလာလှုပ်ရှားရုန်းကန်နိုင်ဖို့ဆိုတာလည်း ကိုယ်ခံအားစနစ်က အများကြီးထောက်ပံ့ပေးထားတာပါ။ အကယ်၍ ခန္ဓာကိုယ်မှာကိုယ်ခံအားနည်းလာပြီဆိုရင် ရောဂါတွေအလွယ်တကူဝင်ရောက်ကာ ကျန်းမာရေးချို့ယွင်းတဲ့ လူတစ်ယောက်ဖြစ်သွားမျာဖြစ်ပါတယ်။ဒါကြောင့် စာဖတ်သူတွေအနေနဲ့ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ကိုယ်ခံအားကောင်းနေဖို့ အခုပြောပြမယ့် နေထိုင်မှုပုံစံအမှားတွေကို ရှောင်ကျဉ်ဖို့ လိုအပ်ပါတယ်။
(၁) အဟာရပြည့်ဝစွာမစားသုံးခြင်း

Source : iStock
အစာအဟာရက ခန္ဓာကိုယ် ကိုယ်ခံအားစနစ်အတွက် အရေးကြီးဆုံး ထောက်ပံ့ပေးနေတဲ့ အရာတစ်ခုလို့ပြောလို့ရပါတယ်။ ခန္ဓာကိုယ်အတွက် အဟာရပြည့်ဝစွာမစားသုံးရင် ကိုယ်ခံအားစနစ်က ဧကန်မလွဲကျဆင်းလာမှာဖြစ်ပါတယ်။ ဒါကြောင့် အစားအစာ စားသုံးတဲ့အခါမှာ ခန္ဓာကိုယ်အတွက် အဟာရပြည့်ဝစေမယ့် အသားငါး အသီးအရွှက် နို့ ဥအမျိုးမျိုး ပဲအမျိုးမျိုး စသည့် ပရိုတင်းဓာတ် ဗီတာမင်ဓာတ် သတ္တုတ်တွေပါတဲ့အစားအစာတွေကို သင့်တမျှတအောင်စားသုံးဖို့ လိုအပ်ပြီး အချိန်မှန်မှန်စားသုံးပေးဖို့လည်း လိုအပ်ပါတယ်။
(၂) လှုပ်ရှားမှုမရှိခြင်း

Source : Freepik
ကျန်းမာတဲ့ဘဝတစ်ခုပိုင်ဆိုင်နိုင်ဖို့ဆိုရင် ကိုယ်လက်လှုပ်ရှားမှုရှိမှ ရပါမယ်။ တစ်နေ့ကိုအထိုင်များနေမယ် အိပ်ယာထဲမှာပဲအချိန်ကုန်နေမယ် စသည်ဖြင့် ခန္ဓာကိုယ်ကို လှုပ်ရှားမှုလုပ်မပေးရင် သင့်ရဲ့ ကိုယ်ခံအားခုခံနိုင်စွမ်းဟာလည်း ကျဆင်းလာမှာဖြစ်ပါတယ်။ ဒါကြောင့် အနည်းဆုံးတနေ့ကို နာရီဝက်လောက်လမ်းလျောက်တာ စက်ဘီးနင်းတာမျိုး ပြုလုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်းက အသက်ရှည်ကျန်းမာပြီး အရင်ကထက် နုပျိုလန်းဆန်းလာမှာဖြစ်ပါတယ်။
(၃) ဆေးလိပ် အရက်အလွန်အကျွံသုံးစွဲခြင်း

Source : WebMD
ဆေးလိပ်နှင့် အဖျော်ယာမကာတွေ အလွန်အကျွံသောက်သုံးခြင်းဟာ ကိုယ်ခံအားစနစ်ကို အဆိုးရွှားဆုံးထိခိုက်စေတဲ့ အရာတွေဖြစ်ပါတယ်။ ဆေးလိပ်နဲ့ အရက်တွေမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေကို အလွန်အကျွံသုံးစွဲလိုက်ရင် ကိုယ်ခံအားစနစ်သာမက တခြားသော ခန္ဓာကိုယ်ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေပေါ်မှာလည်း ဆိုးကျိုးတွေများစွာသက်ရောက်စေမှာဖြစ်ပါတယ်။ဒါကြောင့် ဖြစ်နိုင်ရင် ဆေးလိပ် အရက်သုံးစွဲခြင်းကိုရှောင်ကျဉ်ပါ။အထူးသဖြင့် အလွန်အကျွံသုံးစွဲခြင်းကို လုံးဝရှောင်သင့်ပါတယ်။
(၄) စိတ်ဖိစီးမှုများစွာနှင့်နေထိုင်ခြင်း

Source : Neuroscience
စိတ်ဖိစီးမှုဆိုတာ ဘယ်သူမှတော့ လိုအပ်တပ်မက်မိတဲ့အရာတွေဖြစ်မှာမဟုတ်ပါဘူး။ သို့သော်လည်း သင်ကိုယ်တိုင်စိတ်ဖိစီးမှုဖြစ်စေတဲ့ အခြေအနေက ရုန်းမထွက်နိုင်ရင်တော့ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနှင့် ကိုယ်ခံအားစနစ်အပေါ်မှာ အကျိုးသက်ရောက်မှုတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုတွေကိုအတက်နိုင်ဆုံး လျော့ချပါ။ စိတ်ဖိစီးမှုကင်းကင်းနဲ့ နေထိုင်နိုင်ဖို့ စိတ်တည်ငြိမ်အေးချမ်းစေမယ့်လေ့ကျင့်ခန်းတွေ တရာထိုင်နည်းတွေ ယောဂလေ့ကျင့်ခန်းတွေ လုပ်ဆောင်ပါ။
(၅) အိပ်ရေးပျက်ခံခြင်း

Source : Neuroscience
ညဘက်မှာကောင်းစွာမအိပ်စက်ထားတဲ့နေ့တွေဆို တစ်နေ့လုံးက တက်ကြွလန်းဆန်းမှုမရှိ ထိုင်းမှိုင်းနေတာ လူတိုင်းကြုံဖူးပါလိမ့်မယ်။ အိပ်ရေးပျက်ခြင်းကလည်း ကိုယ်ခံအားကျဆင်းစေတဲ့ အဓိကအချက်တစ်ခုဖြစ်တာကြောင့် မဖြစ်မနေဂရုစိုက်ဖို့လိုပါတယ်။ လူတစ်ယောက်အတွက် (၇) နာရီကနေ (၉) နာရီကြားအိပ်စက်ခြင်းက လုံလောက်တဲ့ အိပ်စက်ချိန်ဖြစ်တာကြောင့် အိပ်ချိန်ပြည့်ဝစွာအိပ်ပြီး ကိုယ်ခံအားစနစ်ကိုကောင်းမွန်အောင် လုပ်ဆောင်ဖို့အကြံပြုချင်ပါတယ်။
