လက်ဝှေ့လို အသတ်အပုတ်အားကစားဟာ ကမ္ဘာပေါ်မှာ အကြမ်းတမ်း အရက်စက်ဆုံး အားကစားလို့ ဆိုကြပေမယ့် လက်ဝှေ့ချစ်သူတွေကတော့ ဒီအားကစားဟာ ဆွဲဆောင်မှုအရှိဆုံး Sports Type အဖြစ် ပြောလေ့ရှိပါတယ်။ ရှေးနှစ် ထောင်ပေါင်းများစွာကတည်းက Combat Sports တွေ ရှိခဲ့သလို ခေတ်အဆက်ဆက်မှာ အတော်ဆုံးဆိုပြီး ပြောကြရတဲ့ လက်ဝှေ့သမားတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။

အခုထိလည်း ကမ္ဘာ့အဆင့် ထူးချွန်တဲ့လက်ဝှေ့သမားတွေ အများကြီး ရှိပါတယ်။ ဒါပေမယ့်လည်း သမိုင်းကနေ ရေစစ်နဲ့ စစ်ခံသလို အကြီးကျယ်ဆုံးအဖြစ် ထင်ကျန်ခဲ့တဲ့ Boxers တွေကတော့ သိပ်များမယ် မထင်ပါဘူး။ ဒီလို အကြီးကျယ်ဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ လက်ဝှေ့ကျော်တွေထဲက ဂန္ဓဝင်လက်ဝှေ့ကျော်တချို့အကြောင်း ပြောပြချင်ပါတယ်။

(၁) ဂျိုး လူးဝစ်

သူ့ကို “ဟစ်တလာကို အလဲထိုးခဲ့သူ”လို့ လူတွေက ခေါ်ကြပါတယ်။ နာမည်ပြောင် Brown Bomber ပိုင်ရှင် ဂျိုးလူးဝစ်ကို ဘာကြောင့် ဒီလို ခေါ်ရသလဲဆိုတာ သမိုင်းရှိပါတယ်။ ၁၉၃၈ ဇွန် ၂၂ ရက် မှာ သူဟာ ဂျာမန်လက်ဝှေ့ကျော် မက်ခ်ရှမီလင်းခ်ကို ပရိသတ် ၇၀၀၀၀ ကျော် ရှေ့မှောက်မှာ ဒုတိယအကြိမ်မှာ အလဲထိုးခဲ့လို့ပါ။ ရှမီလင်းဆိုတာ ဟစ်တလာအထွဋ်အထိပ်ရောက်ချိန်က ဂျာမနီမှာ ပိုစတာမျက်နှာဖုံးဖြစ်ခဲ့သူပါ။ ဒီလိုလူကို အလဲထိုးခဲ့တဲ့ လူးဝစ်ဟာ အမေရိကန်အတွက် ဟီးရိုးဖြစ်တာ မဆန်းပါဘူး။

လူးဝစ်ဟာ ၆၆ ပွဲနိုင် ၃ ပွဲရှုံးစံချိန်တင်ထားသူ ဖြစ်ပြီး ၅၂ ပွဲက အလဲထိုး နိုင်ထားတာပါ။ ကမ္ဘာ့စစ်အတွင်းမှာ သူဟာ လက်ဝှေ့သမားတစ်ယောက်ဆိုတာထက် နိုင်ငံတကာမျက်နှာစာမှာ သူဟာနိုင်ငံရေး ၊ လူမှုရေးနဲ့ လူတွေရဲ့ အိုင်ကွန်တစ်ယောက်အဖြစ်ပါ ညွှန်းဆိုခံခဲ့ရပါတယ်။

(၂) မိုဟာမက်အလီ

 

ကမ္ဘာ့ဂန္ဓဝင်လက်ဝှေ့ကျော်စာရင်းမှာ မိုဟာမက်အလီ မပါလို့ မဖြစ်ပါဘူး။ ၁၉၆၀ ကနေ ၁၉၈၁ အထိ လက်ဝှေ့ထိုးသတ်လာခဲ့ပြီး လက်ဝှေ့လောကမှာ ဟုန်းဟုန်းတောက် ကျော်ကြားခဲ့သူလည်း ဖြစ်ပါတယ်။ ၅၆ ပွဲနိုင် ၅ ပွဲရှုံး ရလဒ်ကို ကြည့်ပြီး မိုဟာမက်အလီကို ဝေဖန်ဖို့ မသင့်ပါဘူး။ သူ့ခေတ်က အတော်ဆုံးဆိုတဲ့ လက်ဝှေ့ကျော်တွေ ထွန်းကားတဲ့ခေတ် ဖြစ်သလို သူ့ပြိုင်ဘက်တွေထဲမှာလည်း တစ်ယောက်မှာ မထီလောက်သူ မပါလို့ ဖြစ်ပါတယ်။ မွတ်စလင်အားကစားသမားတွေထဲမှာ အကြီးကျယ်ဆုံးပုဂ္ဂိုလ်ဖြစ်တဲ့ သူဟာ အဆုတ်ကျန်းမာရေးမကောင်းတာကြောင့် ၂၀၁၆ မှာ ကွယ်လွန်သွားခဲ့ပါတယ်။

(၃) ရှူးဂါး ရေးရော်ဘင်ဆန်

Sugar-Ray-Robinson

Photo: sportsshow

ရှူးဂါးရေး ရော်ဘင်ဆန်ရဲံ ခေတ်ဟာ ၁၉၄၀ ကနေ ၁၉၆၅ ဖြစ်ပါတယ်။ သူ့ရဲ့ မှတ်တမ်းတွေက ကြောက်ခမန်းလိလိပါပဲ။ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမားဘဝ ၁၇၃ ပွဲနိုင် ၁၀၉ ပွဲအလဲထိုး နဲ့ ၆ ပွဲသရေ စံချိန်တင်ထားတဲ့ ရေးဟာ ပါရမီရှင်လက်ဝှေ့ကျော်လို့ ပြောရမှာပါ။ သူ့လက်သီးချက်တိုင်းမှာ ပြိုင်ဘက်ကို နောက်ကောက်ချနိုင်တဲ့ ပါဝါတွေ ပါတယ်လို့ ပြောစမှတ်တွင်ခဲ့ပါတယ်။

(၄) ဂျက်ခ် ဂျွန်ဆင်

Jack-Johnson

Photo: sportsshow

ဂန္ဓဝင်လက်ဝှေ့ကျော် ဂျက်ခ်ဂျွန်ဆင်ဟာ ရွိုင်းဂျုံးစ်နဲ့ မိုဟာမက်အလီတို့အရင် ပထမဆုံးဟဲဗီးဝိတ်ချန်ပီယံဖြစ်ခဲ့တဲ့ အမေရိကန်ဖိုက်တာ ဖြစ်ပါတယ်။ သူ့လက်ဝှေ့ခေတ်ကို ၁၈၉၇ ကနေ ၁၉၄၅ နှစ်အထိ ပြောကြပါတယ်။ ၁၀ နှစ်လုံးလုံး သူ့ကို နိုင်တဲ့လူ မပေါ်ခဲ့ဘူးလို့လည်း ဆိုပါတယ်။ လက်ဝှေ့ကြိုးဝိုင်းအတွင်းမှာ ပြိုင်ဘက်ကို တရစပ်ဖိအားပေး ထိုးသတ်တာကြောင့် ထင်ရှားပါတယ်။
လူမုန်းအများဆုံးနဲ့ နာမည်ကျော်ကြားဆုံးလည်း ဖြစ်တဲ့ အာဖရိကန် အမေရိကန်လက်ဝှေ့ကျော်ကြီးဟာ ၇၃ ပွဲနိုင် ၁၃ ပွဲရှုံး ပွဲ ၄၀ KO စံချိန်တင်ခဲ့သူလည်း ဖြစ်ပါတယ်။

(၅) ဂျက်ခ် ဒမ်ပ်ဆေး

Jack-Dempsey

Photo: sportsshow
အမေရိကရဲ့ အကျော်ကြားဆုံး လက်ဝှေ့သမား ဂျက်ခ်ဒမ်ဆေးဟာ ဘဝတစ်လျှောက်လုံး ပွဲပေါင်းများစွာ ထိုးသတ်ခဲ့ပြီး ထိုးသတ်ခဲ့တဲ့ ပွဲတွေထဲမှာ အကြမ်းတမ်းဆုံးနဲ့ ကြည့်လို့ အကောင်းဆုံးပွဲတွေရဲ့ ဖိုက်တာဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ သူ့ခေတ်မှာ ထိပ်ထိပ်ကြဲ ကျော်ကြားခဲ့တဲ့ ဒမ်ပ်ဆေးဟာ ၆၆ ပွဲနိုင် ၆ ပွဲရှုုံး ၅၁ ပွဲ KO ထိုးသတ်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒီ ၅ ဦးစာရင်းမှာ မပါပေမယ့် ဂန္ဓဝင်တွင်တဲ့ ကမ္ဘာ့လက်ဝှေ့ကျော်စာရင်းမှာ မိုဟာမက်အလီပြီးရင် လူတိုင်းသိနေကြတဲ့ မိုက်ခ်တိုင်ဆင် (ပွဲ ၅၀ နိုင် – ၆ ပွဲရှုံး – ၄၄ ပွဲ KO) ၊ ဂျူလီယို ဆီဇာ ချာဗက်ဇ် (၁၀၇ ပွဲနိုင် ၊-၆ ပွဲရှုံး – ၈၀ KO) ၊ ရော့ကီ မာစီယာနို (၄၉ ပွဲနိုင်-၄၃ ပွဲ KO- ရှုံးပွဲမရှိ) နဲ့ ဟင်နရီ အမ်းစထရောင်း (၁၅၀ နိုင် ၊ ၁၀၀ KO နဲ့ ၂၁ ပွဲရှုံး) လက်ဝှေ့ကျော်တွေလည်း ထည့်သွင်းဖော်ပြရမှာ ဖြစ်ပါတယ်။

Featured Photo: bleacherreport