နည်းပညာအခြေပြုတဲ့ လုပ်ငန်းတွေဟာ ဒီဘက်ခေတ်နဲ့ အလိုက်ဖက်ဆုံး စီးပွားရေးဖြစ်ပါတယ်။ အိုင်တီနည်းပညာ အတော်အတင့် ကျွမ်းကျင်ပြီး ကိုယ့်မှာ အလုပ်ဖြစ်မယ့် Business Idea တစ်ခု ရှိတယ်ဆိုရင် Startup တစ်ခုကို တည်ထောင်သင့်ပါတယ်။
Startup တစ်ခုဟာ မထင်မှတ်လောက်အောင် အမြင့်ကြီး ရောက်သွားနိုင်ပါတယ်။ မယုံနိုင်လောက်အောင် ကျရှုုံးပြိုလဲပြီးလည်း သွားနိုင်ပါတယ်။ Startup ဆိုတဲ့ ကြိုးတန်းပေါ် လမ်းလျှောက်သွားမယ့် လူငယ်တွေဟာ မရှိမဖြစ် တတ်ကျွမ်းထားဖို့ လိုအပ်တဲ့ နည်းပညာနဲ့ Business Idea တို့အပြင် ဒီအချက် ၅ ချက်ကိုလည်း သိထားဖို့ လိုပါတယ်။
(၁) အမှားရှာ ပြဿနာ ရှင်း
Photo: Pexels
သေချာတာက Startup တစ်ခုဟာ အခြေကျပြီး စီးပွားရေးမော်ဒယ်တစ်ခုနဲ့ ပုံစံ လုံးဝမတူဘူးဆိုတဲ့ အချက်ပါပဲ။ အစဉ်အလာ သမရိုးကျ စီးပွားရေး လုပ်ငန်းတွေကတော့ သူ့အဆင့် သူ့ Solutions နဲ့အတူ သိပ်မထူးခြားတဲ့ ပြဿနာတွေကို ရှင်းရပါတယ်။
Startup တစ်ခု တည်ထောင်တဲ့ လူငယ်တွေမှာတော့ တစ်ခုခု မှားသွားတာနဲ့ အဲဒီအမှားကို နောက်ကြောင်းပြန် ခြေရာခံပြီး ရှာရပါတယ်။ ပြီးရင်တာ့ အဲ့ဒီပြဿနာကို နည်းလမ်းသစ်တွေနဲ့ ရှင်းရတာတွေ ရှိပါလိမ့်မယ်။ အမှားထဲ နစ်မနေဖို့နဲ့ ရုန်းထွက်နိုင်ဖို့ဆိုတာ အတော်ခက်ပေမယ့် အောင်မြင်ချင်ရင် ဒီအချက်ကို အလေးအနက် ဖြေရှင်းသွားရမှာပါ။
(၂) စိတ်ရှည်ပါ
Photo: Pexels
လုပ်ငန်းတစ်ခုကို တည်ထောင်ခါစက ကိုယ်နဲ့အတူ Founder အဖြစ် သူငယ်ချင်းအရင်းကြီးတွေ ပါလာတတ်ပါတယ်။ လုပ်ငန်းလည်ပတ်ရင်း ၆ လ ၁ နှစ် လောက်ကြာသွားရင် အချင်းချင်းအကြား တစ်ယောက်ကိုတစ်ယောက် မခေါ်ချင်လောက်အောင် ဖြစ်သွားတတ်ပါတယ်။
အခက်အခဲတွေအကြား သဘောထား မတိုက်ဆိုင်တာကနေ ရန်ခဏခဏလည်း ဖြစ်လာနိုင်ပါတယ်။ အောင်မြင်မယ်ထင်တဲ့ ပရောဂျက်တွေ ကျဆုံးသွားနိုင်ပါတယ်။ ကိုယ့်ပါတနာကို အားမရတာတွေ ရှိလာနိုင်ပါတယ်။ စိတ်ရှည်ပါ။
(၃) အမြဲတမ်းသင်ပါ
Photo: Pexels
ဈေးကွက်အရွေ့တွေ ၊ ဖောက်သည်တွေရဲ့ အကြိုက်နဲ့ တောင်းဆိုလာတဲ့ အချက်တွေကို နားလည်အောင်လုပ်ပါ။ လိုအပ်တဲ့ အသိပညာတွေ စဉ်ဆက်မပြတ် ရှာနေပါ။ ပညာရေးဆိုတာ စာသင်ခန်းထဲမှာတင် တံခါးပိတ်ချန်ထားခဲ့ရမယ့် အရာ မဟုတ်ပါဘူး။
လူတွေဆီက သင်ပါ။ အင်တာနက်ပေါ်က သင်ပါ။ လုပ်ငန်းရှင်တွေနဲ့ မိတ်ဖွဲ့ တွေ့ဆုံပါ။ သူတို့အတွေ့အကြုံတွေကနေ သင်ယူပါ။ သင်ကြားမှုဟာ သင့်ကိုယ်သင်ရော သင့်အလုပ်အကိုင်ကိုပါ ရင်းနှီးမြှပ်နှံနေတာ ဖြစ်ပါတယ်။
(၄) အိုင်ဒီယာတွေ ရှာဖွေပါ
Photo: Pexels
It all Begins at an Idea ဆိုတဲ့ စကားရှိပါတယ်။ အိုင်ဒီယာကောင်းတစ်ခုဟာ သင့်ကို အများကြီး ပြောင်းလဲ ပေးနိုင်ပါတယ်။ တစ်ခုရှိတာက အိုင်ဒီယာတွေကို အမြန်အကောင်အထည်ဖော်ဖို့လည်း လက်မနှေးပါနဲ့။ တကယ်လို့ အချိန်အခါ မသင့်သေးရင်လည်း ဒီအိုင်ဒီယာကို ပုလဲလို ဥပြီး ကောင်းကောင်း Polish တင်ထားပါ။
(၅) ပန်းတိုင်ကို လမ်းမပျောက်စေပါနဲ့
Photo: Pexels
ဘယ်နေရာရောက်ရောက် ကိုယ့်ခရီးလမ်းကြောင်းတော့ မပျောက်ပါစေနဲ့။ Concentration ဆိုတဲ့ စကားကို သင့်ခေါင်းထဲမှာ ထည့်ထားပြီး မီးလို ထွန်းထားပါ။ အာရုံစိုက်ထားပါ။ မျက်လုံးမှိတ်ထားတဲ့အချိန် သင့်အမှောင်ထဲမှာ ပေါ်လာတာ သင်မျှော်မှန်းထားတဲ့ အနာဂါတ်ပန်းတိုင်အကြောင်း ပန်းချီကားချပ် ဖြစ်နေရင် တစ်နေ့မှာ အောင်မြင် ထူးချွန်တဲ့ Startup လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာမှာပါ။