ချီဂွန်းလို့ခေါ်တဲ့ တရုတ်ရိုးရာ ကိုယ်လက်လေ့ကျင့်ခန်းဟာ လွန်ခဲ့တဲ့ နှစ် ၄၀၀၀ ကျော်ကတည်းက ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။ ယောဂလောက် လူသိများခြင်း မရှိပေမယ့် ချီဂွန်းလေ့ကျင့်ခန်းဟာ စိတ်ခံစားမှုနဲ့ ကိုယ်ကာယပိုင်းအတွက် အကျိူးကျေးဇူးများတဲ့ လေ့ကျင့်ခန်းတစ်ခု ဖြစ်ပါတယ်။

ချီဂွန်း(Qigong) ဟာ အသက်ရှုမှုနဲ့ လှုပ်ရှားမှုကို ဟန်ချက်ထိန်းညှိပြီး ကိုယ်တွင်းစွမ်းအင်ကို ပြန်လည်အားဖြည့်သိုလှောင်ပေးတာပါ။ ချီဂွန်း နေ့စဉ်ကစားသူဟာ အာရုံစူးစိုက်မှု ပိုကောင်းပြီး အစာကြေလွယ်စေပြီး သွေးလှည့်ပတ်မှုကောင်းစေပါတယ်။

ရာစုနှစ်ပေါင်းများစွာ သက်တမ်းကြာမြင့်လာပြီ ဖြစ်တဲ့ ဒီလေ့ကျင့်ခန်းကို ပုံမှန်ကစားမယ်ဆိုရင် အခုပြောမယ့် အကျိုးကျေးဇူးတွေ ရရှိခံစားရမှာ ဖြစ်ပါတယ်။

(၁) စိတ်ဓါတ်ကျတဲ့ လက္ခဏာတွေ လျှော့ချပေးနိုင်တယ်

Photo: Udemy

ချီဂွန်းကစားသူတွေမှာ စိတ်ဓါတ်ကျဆင်းမှု ဖြစ်နိုင်ခြေ နည်းတယ်ဆိုပြီး သုတေသနတွေက ညွှန်းဆိုထားတာတွေ ရှိပါတယ်။ ရင်သားကင်ဆာအတွက် ဓါတ်ကင်တဲ့ ကုထုံးခံယူနေရတဲ့ အမျိုးသမီးတွေကို ချီဂွန်းလေ့ကျင့်ခန်း ပုံမှန် လုပ်စေရာမှာ စိတ်ဓါတ်ကျမှု နည်းပါးလာပြီး သက်တမ်းပိုရှည်ရှည် နေနိုင်မယ်လို့ ဆိုပါတယ်။

(၂) စိတ်ခံစားချက် ညီညွတ်မျှတလာမယ်

Photo: Live Happy

၂၀၁၁ ခုနှစ်က Mindfulness Journal ဂျာနယ်ရဲ့ လေ့လာမှုအရ ၈ ပတ်ကြာ ချီဂွန်းလေ့ကျင့်သူတွေဟာ ဖိအားဟိုမုန်းဖြစ်စေတဲ့ Cortisol Level လျော့ကျပြီး သွေးတွင်းဖိအားလည်း ကျဆင်းလာတယ်လို့ဆိုပါတယ်။ချီဂွန်းကစားသူဟာ စိတ်ခံစားမှု ဟန်ချက်ညီလာပြီး ပိုလည်း အိပ်လို့ကောင်းလာတယ်လို့ တွေ့ရှိထားပါတယ်။

(၃) မှတ်ဉာဏ်ပိုကောင်းတယ်

Photo: Freepik

ချီဂွန်းလေ့ကျင့်ခန်းမှာ အာရုံစူးစိုက်ရခြင်းဟာ အဓိကအစိတ်အပိုင်းတစ်ခု အနေနဲ့ ပါဝင်ပါတယ်။ ဒါကြောင့်ပဲ နေ့စဉ်လေ့ကျင့်သူတွေဟာ အာရုံစူးစိုက်ခြင်းနဲ့ မှတ်သားဉာဏ်ပိုပြီး ထက်သန်လာတယ်လို့ ဆိုပါတယ်။

ဦးနှောက်ရဲ့ လှုပ်ရှားမှုကို တိုင်းတာတဲ့ Electroencephalogram (EEG) နဲ့ စမ်းသပ်ချက်အရ စိတ်နဲ့ရုပ်ပိုင်း နှစ်မျိုးစလုံးအတွက် ချီဂွန်းလေ့ကျင့်မှုဟာ စိတ်အာရုံပိုမို စူးစိုက်စေပြီး စိတ်ငြိမ်းချမ်းမှုလည်း ပိုတိုးလာတယ်လို့ တွေ့ရှိထားပါတယ်။

(၄) ခေါင်းတစ်ခြမ်းကိုက်တာကိုလည်း သက်သာစေတယ်

Photo: bestimmt

ချီဂွန်း လေ့ကျင့်ခန်းဟာ ကိုယ်တွင်း သွေးစီးဆင်းမှုကို တိုးလာဖို့ပါပဲ။ ကမ္ဘာ့ထိုက်ချိနဲ့ ချီဂွန်းနေ့မှာ ထုတ်ပြန်ချက်အရ ချီဂွန်းကစားခြင်းကြောင့် လက်နဲ့ ခြေထောက်ကို သွေးပေးပို့မှု မြင့်လာတယ်လို့ သိစိတ်တိုးလာခြင်းဟာ ခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာကို သိသိသာသာ သက်သာလျော့ပါးစေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်လည်ပင်းနဲ့ မျက်နှာတွေပေါ်မှာ အဓိက ဖြစ်တတ်တဲ့ ဖိအားကြောင့် ခေါင်းကိုက်ခြင်းကိုလည်း ချီဂွန်းလေ့ကျင့်ခန်းက သက်သာစေနိုင်ပါတယ်။

(၅) သက်တမ်း ပိုရှည်စေတယ်

Photo: mindmonia

ဓါတ်လွတ်စုလို့ ခေါ်ကြတဲ့ Free Radicals တွေဟာ အသက်ကြီးရင့်ခြင်းနဲ့ နေထိုင်မကောင်းခြင်းတို့နဲ့ ဆက်စပ်နေတဲ့ မတည်ငြိမ်တဲ့ အက်တမ်တွေ ဖြစ်ပါတယ်။ Free Radical လွန်ကဲခြင်းဟာ ကိုယ်တွင်းဆဲလ်တွေ ပျက်စီးစေပြီး မြန်မြန်ဆန်ဆန် အိုမင်းခြင်း , နာတာရှည်ဝေဒနာများ ဖြစ်စေနိုင်ပါတယ်။

ချီဂွမ်းကို တစ်နေ့ မိနစ် ၃၀ အနည်းဆုံး ကစားသူဟာ Free Radicals တွေ တိုက်ဖျက်နိုင်တဲ့ Superoxide Dismutase ဆိုတဲ့ အင်ဇိုင်း ထုတ်ပေးနိုင်ပါတယ်။ ဒီနည်းနဲ့ အရွယ်တင်ပြီး ရောဂါတွေ မဖြစ်အောင် ဟန့်တားပေးပါတယ်။ ချီဂွမ်းကစားနည်းဟာ ရိုးရှင်းလွယ်ကူပြီး နည်းလမ်း သိချင်တဲ့သူတွေအနေနဲ့လည်း ဒီလေ့ကျင့်ခန်းကို YouTube ပေါ်မှာ ရှာဖွေ လေ့လာနိုင်ပါတယ်။