ဖလိုက်မေဝယ်သာဟာ အင်္ဂလန်မှာ ပြုလုပ်တဲ့ ပွဲတစ်ခုမှာ ပရီးမီးယားလိဂ် ကလပ် နယူးကာဆယ် ကိုဝယ်ယူဖို့ စိတ်ဝင်စားနေကြောင်း အရိတ်အမြွတ် ဖွင့်ဟလာခဲ့ပါတယ်။

မေဝယ်သာဟာ ဘောက်စင် လောကမှာ ၅၀-၀ ဆိုတဲ့ရလဒ်ပိုင်ဆိုင်ထားသူဖြစ်ပြီး ရှုံးပွဲမရှိသေးပါဘူး။ ၂၀၁၇ ခုနှစ်မှာ UFC ဖိုက်တာ မက်ဂရီဂေါနဲ့ ယှဉ်ပြိုင်ထိုးသတ်ပြီးကတည်းက ကြိုးဝိုင်းဘဝကနေ အနားယူနေခဲ့တာပါ။ အဆိုပါ အသက် ၄၃ နှစ်အရွယ် မေဝယ်သာဟာ မက်ဂရီဂေါနဲ့ ပြန်လည်ထိုးသတ်ဖို့ ပြောနေတာရှိပေမဲ့ အခုထိတော့ ဖြစ်မလာသေးပါဘူး။

Source: Evening Standard

ဝိတ်တန်း (၅) ခုကမ္ဘာ့ချန်ပီယံ မေဝယ်သာ ဟာ ဘောက်စင်ပွဲတွေကနေ ဒေါ်လာ (၁) ဘီလီယံ လောက်ရရှိခဲ့တယ်လို့ ခန့်မှန်းထားကြပါတယ်။

နယူးကာဆယ် ပရိသတ်တွေဟာ ပိုင်ရှင်အသစ်ပြောင်းစေချင်နေတာ နှစ်အတော်ကြာခဲ့ပါပြီ။ ယခုလက်ရှိပိုင်ရှင် Mike Ashley ကိုပရိသတ်တွေက အသင်းမန်နေဂျာဟောင်း Kevin Keegan ကိုဖြုတ်လိုက်တာကြောင့် မနှစ်သက်ကြတာပါ။

“အရမ်းအရမ်းကို စိတ်ဝင်စားပါတယ်။ နယူးကာဆယ်က အရမ်းကောင်းတဲ့အသင်းပါ။ တကယ်လို့ ပရိသတ်တွေက ဝယ်စေချင်တယ်ဆိုရင် ကျနော့်ကို အကြောင်းကြားလိုက်ပါ။” ဆိုပြီး သတင်းထောက်တွေကို မေဝယ်သာက ပြောခဲ့ပါတယ်။

Source: Talk Sport

နယူးကာဆယ်အသင်းဟာ လက်ရှိပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် (၁၃) မှာရပ်တည်နေပြီး အောက်ခြေသုံးသင်းနှင့် (၈) မှတ်ကွာဟတဲ့ အနေအထားမှာ ရှိနေပါတယ်။

Source: BroBible

၂၀၁၈ ခုနှစ်တုံးက နယူးကာဆယ်အသင်းရဲ့ ဈေးကွက်တန်ဖိုးဟာ ပေါင် သန်း (၃၀၀) ရှိခဲ့ပြီး နောက်ပိုင်း တဖြည်းဖြည်း ကျဆင်းလာခဲ့ပါတယ်။ နည်းပြ ဘင်နီတတ် ကတော့ အသင်းကို တန်းမဆင်းရအောင် အကောင်းဆုံး ကြိုးစားပေးနေတာပါ။