ဆေးတော်တော်များများဟာ အစာစားပြီးမှ သောက်ရလေ့ရှိပါတယ်။ ဒါပေမယ့် အခြေအနေပေါ်မူတည်ပြီး ဆရာဝန်က အစာမစားခင် ဆေးအရင်သောက်ဖို့ ညွှန်တာမျိုးလည်း ရှိပါတယ်။ ပြီးတော့ အစာနဲ့ဆေး ဘယ်နှစ်နာရီခြားပါဆိုပြီး ဆရာဝန်တွေက ညွှန်ကြားလေ့ရှိပါတယ်။ ဒါဟာ စားလိုက်တဲ့ အစားအသောက်တွေက ဆေးဝါးတွေရဲ့ အာနိသင်အပေါ် သက်ရောက်မှုရှိနေလို့ပါပဲ။ ဒီနေ့ kwee page က ဆေးနဲ့ တွဲမစားသင့်တဲ့ အစားအစာတွေကို ဖော်ပြပေးသွားမှာပါ။

နွားနို့

Source: on Dairy Farmers of Canada

တစ်ချို့တွေက နေမကောင်းဖြစ်နေတဲ့အချိန်မှာ အားရှိအောင်ဆိုပြီး ရေအစား နွားနို့နဲ့ ဆေးသောက်လေ့ရှိကြပါတယ်။ နို့နဲ့ နို့ထွက်ပစ္စည်းတွေဟာ ပဋိဇီဝဆေးတွေကို ခန္ဓာကိုယ်ရဲ့ စုပ်ယူနိုင်စွမ်းအပေါ် အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ နွားနို့မှာပါတဲ့ ကယ်လ်စီယမ်နဲ့ မဂ္ဂနီဆီယမ်တို့လို သတ္တုဓာတ်တွေကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆေးသောက်မယ်ဆိုရင် ရေနဲ့သာသောက်ဖို့ အကြံပေးပါရစေ။

ချောကလက်

Source: eat this not that

ချောကလက်ဟာ စိတ်ကိုတည်ငြိမ်စေတဲ့ဆေး (သို့) အိပ်ပျော်စေတဲ့ဆေးတွေကို အာနိသင်လျော့နည်းစေနိုင်ပါတယ်။ သူက စိတ်ကိုလန်းဆန်းစေတဲ့ ဆေးတွေအတွက် အာနိသင်ပိုကောင်းစေဖို့ အထောက်အကူပြုနိုင်တာဖြစ်ပါတယ်။ နောက်တစ်ချက်က စိတ်ကျရောဂါအတွက် ဆေးသောက်နေရတဲ့သူတွေမှာဆို အဲဒီဆေးနဲ့ချောကလက်ကို တွဲမိတဲ့အခါ အန္တရာယ်အဆင့်ထိ သွေးပေါင်ချိန်တက်စေနိုင်ပါတယ်။

ကော်ဖီ

Source: Medical News Today

ကော်ဖီက စိတ်ရောဂါအတွက် သောက်သုံးရတဲ့ဆေးတွေကို အာနိသင်လျော့စေပေမယ့် တခြားဆေးတွေအတွက်တော့ အာနိသင်ရော၊ဘေးထွက်ဆိုးကျိုးတွေပါ ပိုတိုးစေနိုင်ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကို သံဓာတ်စုပ်ယူဖို့ခက်ခဲ စေနိုင်ပါတယ်။

အရက်

Source: Unlock Food

အရက်၊ ဘီယာနဲ့ အယ်လ်ကိုဟောပါသမျှတွေဟာ ဆေးဝါးတွေကို အာနိသင်လျော့စေ၊ ပျက်ပြယ်စေနိုင်ပါတယ်။ အထူးသဖြင့် သွေးပေါင်ကျဆေးနဲ့ နှလုံးဆေးတွေအတွက် ပိုဆိုးပါတယ်။ တချို့ဆေးတွေကိုတော့ ရှိသင့်တာထက် အားပိုပြင်းစေတာ ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်စေနိုင်ပါတယ်။