ဆံပင်တဖြည်းဖြည်း ကျွတ်ပြီး ပါးသွားကာ ထိပ်ပြောင်သွားလို့ စိတ်ညစ်နေရတဲ့ ယောကျာ်းများအတွက် ဆံကေသာ ပြန်လည်သန်စွမ်းစေမယ့် အစွမ်းထက် ဆေးစွမ်းကောင်းတစ်လက်ကို ဝေမျှပေးချင်ပါတယ်။ ထိုဆေးစွမ်းကောင်းတစ်လက်ကတော့ အခြားမဟုတ်ပါဘူး။ အာဟာရဓာတ်များ ပြည့်ဝစွာပါဝင်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့အပြင် ဆံကေသာ ကျန်းမာသန်စွမ်းဖို့ အထောက်အကူ ပြုနိုင်တဲ့ အစားအစာများပဲဖြစ်ပါတယ်။
မုန်လာဥနီ

မုန်လာဥနီသည် အမြင်အာရုံကို ဖွံ့ဖြိုးတိုက်တက်စေပြီး ကိုယ်ခံစွမ်းအားကို တိုးမြှင့်စေရုံသာမကဘဲ ဆံကေသာကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်စေပါတယ်။ မုန်လာဥနီထဲမှာ ပါဝင်တဲ့ ဘီတာကယ်ရိုတင်းဓာတ်သည် ဆံကေသာ ပြန်လည်ထူထဲသန်စွမ်းလာအောင် ကူညီပေးနိုင်ပါတယ်။ မုန်လာဥနီလိုပဲ ဘီတာကယ်ရိုတင်းဓာတ် ကြွယ်ဝတဲ့အစားအစာများကတော့ ကန်စွန်းဥ၊ ဟင်းနုနွယ်နှင့် ကိုက်လန်တို့ပဲဖြစ်ပါတယ်။
ဆော်လမွန်ငါး

ပိုပြီး တိကျသေချာတဲ့ သုတေသနပြုချက်တို့ လိုအပ်ပေမယ့် လွန်ခဲ့သော နှစ်ပေါင်းများစွာက ပြုလုပ်ခဲ့သော လေ့လာတွေ့ရှိချက်များအရ ဗီတာမင်ဒီဓာတ် ချို့တဲ့ခြင်းသည်လည်း ဆံပင် ကျွတ်ခြင်းကို ဖြစ်ပေါ်စေနိုင်တယ်လို့ သိရှိရပါတယ်။ ဗီတာမင်ဒီဓာတ် ကြွယ်ဝတဲ့ ဆော်လမွန်ငါး စားသုံးခြင်း (သို့) ဗီတာမင်ဒီ ဖြည့်စွက်စာများ စားသုံးခြင်းဖြင့် သင့်ဆံကေသာကို ဂရုစိုက်နိုင်ပါတယ်။
ကြက်ဥ

ကြက်ဥ၊ ဘဲဥ၊ ငုံးဥစတဲ့ ဥအမျိုးမျိုးသည် ပရိုတင်းဓာတ်၊ သံဓာတ်တို့ ကြွယ်ဝစွာပါဝင်ပြီး ဆံကေသာ ဆုံးရှုံးမှုကို ထိန်းချုပ်ပေးနိုင်ပါတယ်။ ဆံပင်သန်စွမ်းချင်သူများအတွက် ကြက်ဥအကာထက် ကြက်ဥအနှစ်က ပိုပြီး အစွမ်းထက်ပါတယ်။
ထောပတ်သီး

ထောပတ်သီးများသည် ကျန်းမာရေးနှင့် ညီညွှတ်တဲ့ အဆီဓာတ်များ ကြွယ်ဝစွာပါဝင်ပြီး ဆံကေသာကို နူးညံ့စေရုံသာမကဘဲ တောက်ပြောင်စေပါတယ်။ သူ့ထဲမှာ ပါဝင်တဲ့ ဗီတာမင်အီနှင့် B12 သည် ဆံကေသာ တစ်ချောင်းချင်းစီ အရင်းကနေ အဖျားအထိ သန်စွမ်းအောင် ကူညီပေးနိုင်ပါတယ်။
ကရုကမာကောင်

ကရုကမာကောင်များထဲတွင် ဇင့်ဓာတ်ပါဝင်မှုသည် အခြားသော အစားအစာများထက် ပိုများပါတယ်။ ဇင့်ဓာတ်ချို့တဲ့သူများသည်လည်း ဆံပင်အရှည်နှေးခြင်း၊ ဆံပင်အလွန်အမင်းကျွတ်ခြင်းတို့ကို ခံစားရလေ့ရှိပါတယ်။ ဒါ့ကြောင့် ဇင့်ဓာတ်ကြွယ်ဝတဲ့ ကရုကမာကောင်များ များများစားသုံးပေးသင့်ပါတယ်။
Source: Aarp.org
