ညဘက်အိပ်ရေးဝဝ အိပ်တယ်။ တခြားရောဂါအခံလည်း မရှိဘူး။ ဒါပေမယ့် ခေါင်းကိုက်နေတယ်ဆိုရင်တော့ အစားအသောက်သတိထားဖို့လိုအပ်နေပါပြီ။ ဒီနေ့ဆောင်ပါးမှာတော့ ခေါင်းကိုက်ခြင်းကို ဆိုးရွားလာစေတဲ့ အစားသောက်တွေ အကြောင်းပြောပြပေးသွားမှာပါ။
အရက်နဲ့ ဝိုင်နီ

Source: American Heart Association
အရက်သောက်သုံးခြင်းက ခေါင်းကိုက်ဝေဒနာရှင်တွေအတွက် ခေါင်းကိုက်ခေါင်းခဲဖြစ်စေတဲ့ အကြောင်းရင်းထဲမှာပါ ပါတယ်။ ခေါင်းကိုက်ရောဂါမရှိသူတွေကိုတောင် အရက်ရှိန်ပျယ်ချိန်မှာ ခေါင်းကိုက်စေပါတယ်။ ဒါပေမယ့် အရက်အမျိုးအစားတွေထဲမှာမှ ခေါင်းကိုက်ခြင်းကို ဆိုးရွားစေတဲ့ အရက်အမျိုးအစားတွေကတော့ အနက်ရောင် အရက်တွေနဲ့ ဝိုင်နီတွေပဲဖြစ်ပါတယ်။
နောက်တစ်ခုကတော့ အရက်က ရေဓာတ်ခမ်းခြောက်ခြင်းကိုလည်း ဖြစ်ပေါ်စေပါတယ်။ ဒါကြောင့် အရက်သောက်ထားပြီးရင် ညမအိပ်ခင်ရေများများသောက်ဖို့ ဆရာဝန်တွေက အကြံပေးကြတာဖြစ်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကလည်း ခေါင်းကိုက်ခြင်းကိုဖြစ်စေတဲ့ အကြောင်းရင်းတစ်ခုဖြစ်ပါတယ်။ ဒါကြောင့် ဝိုင်တစ်ခွက် နှစ်ခွက်သောက်ပြီး ခေါင်းကိုက်လာတယ်လို့ ခံစားရရင် ရေတဝကြီးသာ ထသောက်လိုက်ပါ။
ချောကလက်

Source: Vital Record
ချိုမြပြီး စားလို့ကောင်းတယ်ဆိုပေမယ့် ချောကလက်ဟာလည်း ခေါင်းကိုက်ခေါင်းခဲခြင်းကို ဖြစ်စေတဲ့အရာတစ်မျိုးပါပဲ။ ချောကလက်မှာလည်း ခေါင်းကိုက်ခေါင်းခဲခြင်းကိုဖြစ်စေတဲ့ tyramine ပမာဏကြွယ်ဝစွာ ပါဝင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ ဓမ္မတာလာနေစဉ် ဟော်မုန်းအပြောင်းအလဲမှာ ချောကလက်စားချင်လာမိတတ်ပြီး tyramine တွေကြောင့် ခေါင်းကိုက်ဝေဒနာ ခံစားရနိုင်ပါတယ်။
အမြန်ရအစားအစာများ

Source: Live Science
အမြန်ရအစားအစာတွေဖြစ်တဲ့ ဟမ်ဘာဂါ၊ ကြက်ကြော်၊ အာလူးကြော်ဆိုင်တွေ မှိုလိုပေါက်လာပြီးနောက်မှာ လူတွေဟာလည်း မိမိတို့ရဲ့အားလပ်ရက်တွေ၊ အားလပ်ချိန်တွေမှာ shopping mall တွေမှာရှိတဲ့ အဲဒီဆိုင်တွေမှာ သွားရောက်စားသောက်ရင်း အချိန်ဖြုန်းလာကြပါတယ်။
ဒါပေမယ့် ကြက်ကြော်တွေ၊ အာလူးကြော်၊ ဟမ်ဘာဂါတွေကလည်း ခေါင်းကိုက်ခေါင်းခဲဝေဒနာဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ ဖြစ်စေနိုင်ပါတယ်။ MSG ၊ ဆာလ်ဖိုက် (Sulfite) နဲ့ နိုက်ထရိတ် (nitrate) တွေဟာ အစားအသောက်တွေကို ပိုမိုတာရှည်ခံအောင် ထည့်ပေးရတဲ့ဓာတုပစ္စည်းတွေဖြစ်ပြီး အမြန်ရ အစားအသောက်ရောင်းချတဲ့ဆိုင်တွေမှာ သုံးစွဲလေ့ရှိပါတယ်။
အဲဒီအစားအသောက်တွေထဲ ထည့်လို့ရတဲ့ပစ္စည်းတွေက ခေါင်းကိုက်ခြင်းကိုဖြစ်စေနိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် ခေါင်းကိုက်ခေါင်းခဲဝေဒနာရှိရင် အမြန်ရအစားအသောက်တွေ ပုံမှန်စားသုံးခြင်းကို လျှော့ချသင့်ပါတယ်။
အငန်များတဲ့အစားအစာတွေ

Source: Science Focus
အငန်ဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေဟာလည်း ခေါင်းကိုက်ခေါင်းခဲခြင်းကို ဖြစ်စေတယ်လို့ ဆိုကြပါတယ်။ ဆိုဒီယမ်ဟာ ကျွန်တော်တို့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဓာတ်တစ်မျိုးပါ။ ဒါပေမယ့် ဆိုဒီယမ်ဓာတ်ကို လိုအပ်သည်ထိ ခန္ဓာကိုယ်ထဲ ပိုထည့်မိမယ်ဆိုရင် ခေါင်းကိုက်ခေါင်းခဲခြင်းကို ဖြစ်စေပါတယ်။ ဒါကြောင့် အစားအစာတစ်မျိုးကို မစားခင် အငန်ဓာတ်များလားဆိုတာ အရင်စစ်ဆေးပါ။ များနေရင် ပြန်ပြင်ခိုင်းသင့်ပါတယ်။
