အခုလို အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါတွေဖြစ်ပွားနေချိန်မှာ အဆုတ်ရဲ့ကျန်းမာရေးကို ပိုပြီးဂရုစိုက်သင့်ပါတယ်။ နှာခေါင်း ပါးစပ်တို့မှတစ်ဆင့် ရှုရှိုက်လိုက်တဲ့ လေတွေထဲမှာ ဖုန်တွေအညစ်အကြေးနဲ့ ရောဂါပိုးတွေပါဝင်နိုင်ပြီး အဆုတ်ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ အဆုတ်ကိုသဘာဝအတိုင်းသန့်စင်ပေးမယ့် အစားအစာတွေကိုမျှဝေပေးချင်ပါတယ်။

(၁) ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ ရောင်ရမ်းမှုကိုလျော့ကျစေတဲ့ allicin ပါဝင်ပြီး ၎င်းကကူးစက်ရောဂါပိုးတွေကို တိုက်ဖျက်ပေးဖို့ ကူညီပေးပါတယ်။ ကြက်သွန်ဖြူဟာ ဆေးဖက်ဝင်တဲ့အစွမ်းသတ္တိရှိတာကြောင့် ပန်းနာရင်ကျပ်ကုသရာမှာ ထိရောက်တဲ့ဆေးအဖြစ်သတ်မှတ်ထားကြပြီး အဆုတ်ကင်ဆာဖြစ်ပွားနိုင်ခြေကိုပါ လျော့ချပေးနိုင်ပါတယ်။

(၂) ပန်းသီး

ပန်းသီးဟာ ကယ်လိုရီပါဝင်မှုနှုန်းနည်းပြီး အမျှင်ဓာတ် antioxidants ဗီတာမင်ဓာတ်များအစုံအလင်ပါဝင်တာကြောင့် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အသီးအနှံတစ်မျိုးဖြစ်ပါတယ်။ ကိုယ်ခံစွမ်းအားစနစ်ကိုကောင်းမွန်စေပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ အဆုတ်ကိုလည်း သန့်စင်ပေးတာကြောင့် အဆုတ်နဲ့သက်ဆိုင်တဲ့ရောဂါတွေကိုလည်း တိုက်ထုတ်ကာကွယ်ပေးပါတယ်။

(၃) ချင်း

ချင်းသည် ရောင်ရမ်းခြင်းတွေကိုလျော့ကျစေတဲ့ အစွမ်းသတ္တိရှိတာကြောင့် အဆုတ်ကို သဘာဝအတိုင်းသန့်စင်ပေးနိုင်ပါတယ်။အသက်ရှုလမ်းကြောင်းတစ်လျောက်မှာရှိတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားသန့်စင်ပေးတာကြောင့် ဟင်းချက်ရာမှာပဲဖြစ်ဖြစ် လက်ဖက်ရည်ကြမ်း သံပရာသီးတို့နဲ့ ရောစပ်ပြီး ဂျင်းလက်ဖက်ရည်အဖြစ်သောက်သုံးပေးလို့ရနိုင်ပါတယ် ။

(၄) လက်ဖက်စိမ်း

အဆုတ်မှာရှိတဲ့ အဆိပ်အတောက်တွေကိုအကောင်းဆုံးဖယ်ရှားသန့်စင်တဲ့နေရာမှ လက်ဖက်စိမ်း (Green Tea) ကလည်းဆရာတစ်ဆူပါပဲ။ လက်ဖက်စိမ်းမှာပါဝင်တဲ့ ဗီတာမင်ဓာတ် antioxidants ဓာတ်တွေက အဆုတ်ရဲ့ ကျန်းမာရေးကို ထူးခြားကောင်းမွန်စေပြီး အဆိပ်အတောက်နဲ့ရောဂါပိုးတွေကိုလည်း သန့်စင်စေတာကြောင့် အိပ်ယာမဝင်ခင်နေ့စဉ်ပုံမှန်တစ်ခွက်သောက်သုံးပေးသင့်ပါတယ်။