သင့်ရဲ့ခန္ဓာကိုယ်ဟာ သင့်ရဲ့ ယာဉ်တစ်စီးလိုပါပဲ။ ကိုယ့်ရဲ့ အင်ဂျင် အလုပ်ကောင်းကောင်း လုပ်ဖို့ ထိန်းသိမ်းပြုပြင်မှုတွေ လိုပါတယ်။ အထူးသဖြင့် Workout လိုမျိုး အားနဲ့အင်နဲ့ သုံးပြီး Body Building လုပ်နေချိန်မှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို ပိုပြီး ဂရုစိုက်ဖို့ လိုပါတယ်။

ကိုယ်လက်ကြံ့ခိုင်ရေးလုပ်ပြီး ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို အကောင်းဆုံး တည်ဆောက်နေချိန်မှာ ခရီးရောက်ဖို့အတွက် အစားအသောက်ဟာလည်း လောင်စာတစ်ခုလို အဓိက ကျပါတယ်။ လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း မျှတမှန်ကန်တဲ့ အစားအသောက်တွေ စားသုံးပေးခြင်းဟာ သွေးတွင်း ဂလူးဂို့စ်စနစ် ပုံမှန်ဖြစ်စေပြီး လေ့ကျင့်မှုတိုးတက်စေမှာပါ။ ဒီတော့ Workout တစ်ခု မလုပ်ခင်ကနေ ပြီးခဲ့တဲ့အထိ ဒီအစားအသောက်တွေ စားပေးမယ်ဆိုရင် ကိုယ်လုပ်နေတဲ့ လေ့ကျင့်ခန်းရဲ့ ထိရောက်တဲ့ ရလဒ်တွေကို မြင်ရပါလိမ့်မယ်။

(၁) Workout မလုပ်ခင် ဘာတွေ စားသင့်သလဲ

Source: Health Pro Life

အမေရိကန်နှလုံးပြန်လည် သန်စွမ်းရေးစင်တာရဲ့ အာဟာရပညာရှင် ရစ်ဆကာပလတ်လ်ကတော့ အစာမရှိဘဲ Workout လုပ်တာဟာ လောင်စာမပါတဲ့ ကားကို မောင်းရသလိုပဲလို့ ပြောပါတယ်။ စွမ်းအင်အပြည့်အဝ မရှိဘဲ Workout ခပ်ပြင်းပြင်း လုပ်လို့ မရသလို ကိုယ့်ရဲ့ ကယ်လိုရီလောင်ကျွမ်းမှုလည်း ထိရောက်မှာ မရောက်ပါဘူး။ ဒီတော့ အားကစားမလုပ်ခင် ၂ နာရီကြိုပြီး ရေဓါတ်ဖြည့်တင်းပါ။

ကာဗွန်ဟိုက်ဒရိုက်မြင့်ပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ ဂျုံကွေကာတို့ ၊ ပေါင်မုန့်ကြမ်း ၊ အဆီမပါတဲ့ ဒိန်ချဉ် ၊ အသီးအနှံတစ်ချို့နဲ့ ဆန်လုံးညိုတို့ စားပေးထားသင့်ပါတယ်။ ပြည့်ဝဆီနဲ့ ပရိုတိန်းတွေအများအပြား စားတာ ရှောင်ပါ။ ဒီအစားအစာတွေက အစာအိမ်ရဲ့ အစာချေမှုကို နှေးလို့ ကြွက်သားတွေဆီ အောက်ဆီဂျင်နဲ့ စွမ်းအင် ပို့မှု နည်းနိုင်ပါတယ်။ တကယ်လို့ Workout မလုပ်ခင် အချိန် ၅ မိနစ်၊ ၁၀ မိနစ်ပဲ ရတယ်ဆိုရင်တော့ ပန်းသီးတစ်လုံး (သို့မဟုတ်) ငှက်ပျောသီးတစ်လုံးဖြစ်ဖြစ် စားပေးဖို့ လိုပါတယ်။

(၂) Workout လုပ်ပြီး ဒါတွေ စားပါ။

Source: Greatist

ကိုယ်လက်လေ့ကျင့်ခန်းလုပ်နေချိန်မှာ ရေဓါတ်မခမ်းခြောက်စေဖို့ ရေနည်းနည်းချင်း သောက်သုံးပေးပါ။ ပြင်းထန်တဲ့ Workout ကစားရပြီဆိုရင် အဆီနည်းတဲ့ ဒိန်ချဉ် ၊ စပျစ်သီးခြောက်နဲ့ ငှက်ပျောသီးလို ကာဗွန်ဟိုက်ဒရိုက်ပါတဲ့ အစားအစာတွေ နာရီဝက်တစ်ခါလောက် စားပေးသင့်ပါတယ်။

Workout လုပ်လို့ ပြီးသွားရင်တော့ အရည်ထဲက ရိုးရိုးရေအပြင် လိမ္မော်သီးဖျော်ရည်လိုမျိုး သောက်နိုင်ပါတယ်။ ကာဗွန်ဟိုက်ဒရိုက်တွေ ပြန်ဖြည့်ဖို့အတွက် Workout လုပ်ပြီး မိနစ် ၂၀ ကနေ ၂ နာရီအတွင်း ပရိုတင်းနဲ့ ကာဗွန်ဟိုက်ဒရိုက်ကြွယ်ဝတဲ့ အစားအသောက်တွေ စားပါ။ ဒီအစားအသောက်တွေဟာ ကြွက်သားအတွက် အဓိက လောင်စာဖြစ်ပြီး စနစ်တကျ စားမယ်ဆိုရင် Workout ကို ပိုပြီး ခရီးတွင်စေမှာ ဖြစ်ပါတယ်။