အိမ်ထဲကအိမ်ပြင်လည်းမထွက်ရ ဘော်ဘော်တွေနဲ့လည်းမဆုံရတော့ အိမ်မှာတစ်ယောက်တည်းပဲ ကစ်နေကြပြီလား။ COVID ကြောင့်အိမ်တွင်းအောင်းပြီး ညစ်ညစ်နဲ့စွတ်ကစ်ရင်တော့ ခံစားရခက်တဲ့အရက်နာကျခြင်းဝေဒနာတွေက ကွီးတို့ကိုစောင့်ကြိုနေပါလိမ့်မယ်။ အရက်ဘီယာဆိုတာ ချင့်ချိန်ပြီး လစ်မစ်လေးနဲ့သောက်တာပဲကောင်းပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်အကြောင်းအမျိုးမျိုးကြောင့် အနာရက်ကျလာပြီဆိုရင် အထိရောက်ဆုံးသက်သာစေမယ့် အစားအစာတစ်ချို့အကြောင်းလေးတွေကိုတော့ ကွီးတို့ကို ဖောက်သည်ချပေးလိုက်ပါမယ်နော်။
(၁) ရေဓာတ်ပြည့်ဝတဲ့အသီးအနှံများ
Source : wellness
အရက်သောက်တဲ့အခါ ခန္ဓာကိုယ်မှရေဓာတ်များစွာကိုစုပ်ယူသွားပြီး ရေဓာတ်ခမ်းခြောက်ခြင်းကိုဖြစ်စေပါတယ်။ အရက်နာကျခြင်းကို ပြန်လည်ကုစားဖို့ဆိုရင်တော့ ခန္ဓာကိုယ်ရေဓာတ်ကိုပြန်လည်ဖြည့်တင်းပေးရမှာပါ။ ဒါကြောင့် ရေနှင့်ရေဓာတ်ပြည့်ဝတဲ့အစားအစာတွေဖြစ်တဲ့ ဥပမာ ဖရဲသီး သခွားသီး စတော်ဘယ်ရီသီး သခွားမွှေး စတဲ့အသီးနှံတွေကို စားသုံးခြင်းဖြင့် ခန္ဓာကိုယ်ကကုန်ခမ်းသွားတဲ့ ရေဓာတ်တွေကိုပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။
(၂) ဆော်လမွန်ငါး
Source : Food Network
ဆော်လမွန်ငါးဟာ အရက်နာကျခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ ရောင်ရမ်းနာကျင်မှုကိုက်ခဲမှုတွေကိုသက်သာစေနိုင်တဲ့ စူပါအစားအစာတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဆော်လမွန်ငါးတွေမှာ anti-oxidants ဓာတ်များ ကြွယ်ဝစွာပါလို့ပါ။နောက်ပြီး Omega 3 ကဲ့သို့သော ခန္ဓာကိုယ်အတွက် အကျိုးပြုဓာတ်တွေလည်းများစွာပါဝင်ပါတယ်။ ဒါကြောင့်အရက်နာကျခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲဝေဒနာတွေကို အထိရောက်ဆုံးသက်သာစေမှာဖြစ်ပါတယ်။
(၃) ငှက်ပျောသီး
Source : MyFitnessPal Blog
အရက်နာကျပြီး မလှုပ်ချင်မကိုင်ချင်နဲ့ အားအင်ချိနဲ့နေသလို ခံစားနေရတာဟာ အဓိကအားဖြင့် ပိုတက်ဆီယမ်ဓာတ်လျော့နည်းနေလို့ဖြစ်ပါတယ်။ ငှက်ပျောသီးက ပိုတက်ဆီယမ်ဓာတ်များစွာရရှိစေမယ့် အရင်းအမြစ် တစ်ခုဖြစ်တာကြောင့် အရက်နာကျတဲ့အခါ စားသုံးပေးသင့်တဲ့ အစား အစာတစ်ခုဖြစ်ပါတယ်။ ငှက်ပျောသီးနှင့်အတူ ရေဓာတ်ပြန်လည်ဖြည့်တင်းပေးမယ့် လိမ္မော်သီးဖျော်ရည်ကဲ့သို့ လက်ဆက်တဲ့ သစ်သီးဖျော်ရည်တစ်မျိုးမျိုးကိုလည်းသောက်သုံးပေးရင် ပိုကောင်းပါတယ်။
(၄) ဓာတ်ဆားရေ
Source : Maple from Quebec
အရက်နာကျတဲ့အခါ ဓာတ်ဆားရေက အကောင်းဆုံးသောက်သုံးပေးသင့်တဲ့ သောက်စရာတစ်မျိုးဖြစ်ပါတယ်။ ဓာတ်ဆားရေဟာ ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ရေဓာတ်ကို အလျှင်မြန်ဆုံးပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ ဖျော်ရည်တစ်မျိုးဖြစ်ပြီး ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်ဖြစ်တက်တဲ့ မူးဝေခြင်း ခေါင်းကိုက်ခြင်းတွေကို အလျင်အမြန်သက်သာစေမှာဖြစ်ပါတယ်။ဒါကြောင့် အရက်နာကျတဲ့အခါ ဓာတ်ဆားသို့မဟုတ် Sport Drink တွေကို သောက်သုံးပေးဖို့အကြံပြုချင်ပါတယ်။
(၅) ကြက်စွပ်ပြုတ်
Source : Food Network
အရက်နာကျတဲ့အခါ အဆိုးဆုံးက ခံတွင်းပျက်တာပါ။ ခံတွင်းပျက်ပြီးအစာမစားလေ အရက်နာကျခြင်းက ပိုဆိုးလေလေပါပဲ။ဒါကြောင့် ကြက်စွပ်ပြုတ်ပူပူလေးက အရက်နာကျသူတွေအတွက် အထူးသင့်တော်တဲ့အစားအစာတစ်မျိုးဖြစ်ပါတယ်။ ကြက်စွပ်ပြုတ်မှာ ပရိုတင်းဓာတ် အာဟာရဓာတ်တွေများစွာပါဝင်တာကြောင့် အမြန်ဆုံးအားအင်ပြည့်ဝစေမှာဖြစ်ပါတယ်။အစာကြေလွယ်ပြီးခံတွင်းလည်းရှင်းစေတာကြောင့် အရက်နာကျရင် ကြက်စွပ်ပြုတ်ပူပူလေးသောက်လိုက်ပါ။