လွန်ခဲ့တဲ့ဆယ်စုနှစ် နှစ်စုကျော်လောက်ကို ပြန်ကြည့်မယ်ဆိုရင် နာမည်ကြီးဘောလုံးသမားတွေထဲမှာ တက်တူးထိုးသူဆိုတာ ခပ်ရှားရှားရယ်ပါ။ ယနေ့တိုင်လည်း တက်တူးလုံးဝမထိုးထားတဲ့ ကမ္ဘာကျော်ဘောလုံးသမားတွေ များစွာရှိပေမယ့် ခေတ်နဲ့အညီတိုးတက်ပြောင်းလဲလာမှုအရ နာမည်ကြီးဘောလုံးသမား တော်တော်များများရဲ့ ခန္ဓာကိုယ်ပေါ်မှာတော့ တက်တူးတွေနေရာယူလာကြပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်ဘောလုံးပရိသတ်တွေအတွက် နာမည်ကြီး ဘောလုံးသမားတွေနဲ့ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်က ထူးထူးခြားခြား တက်တူးဒီဇိုင်းတွေကို ပြောပြပေးချင်ပါတယ်။

(၁) ဂျိုးဟတ်

Joe Hart's tattoo

Photo : Givemesport

မန်စီးတီးအသင်း ဂိုးသမားဟောင်းတစ်ဦးဖြစ်တဲ့ ဂျိုးဟတ်ရဲ့ ညာဘက်လက်မောင်းအပြည့်ရေးထိုးထားတဲ့ Armour tattoo ဒီဇိုင်းကတော့ အတော်လေးကို ထူးခြားပါတယ်။ စစ်သည်တစ်ဦးရဲ့ ချပ်ဝတ်တန်ဆာတစ်ခု တပ်ဆင်ထားသကဲ့သို့ ထင်မှတ်ရစေပြီး တိုက်ပွဲတွေအတွက် အသင့်ဖြစ်နေတဲ့ ခေတ်သစ်စစ်သည်တစ်ဦးရဲ့ ပုံစံကို ဖန်တီးရေးထိုးထားတာပဲ ဖြစ်ပါတယ်။

(၂) ဆာဂျီယိုရာမို့စ်

Sergio Ramos' tattoo

Photo : Givemesport

ရီးရဲလ်မက်ဒရစ် ကစားသမားဟောင်း ဆာဂျီယိုရာမို့စ်ရဲ့ ခန္ဓာကိုယ်ပေါ်မှာ မြောက်များလှစွာသော တက်တူးဒီဇိုင်းတွေကို မြင်တွေ့ရမှာဖြစ်ပြီး သူ့ရဲ့ ဘယ်ဘက်လက်ခုံပေါ်က မှင်အနီနဲ့ ရေးထိုးတားတဲ့ နံပါတ်တွေဟာဆိုရင် ကစားသမားဘဝရဲ့ ထူးခြားတဲ့ မှတ်တိုင်တွေကို ရေးထိုးထားတာ ဖြစ်ပါတယ်။ 35 နဲ့ 32 ဟာ နာမည်ကြီးကစားသမားဘဝက ဝတ်ဆင်ခဲ့တဲ့ နံပါတ်တွေကို ကိုယ်စားပြုတာ ဖြစ်ပါတယ်။

သူ့ရဲ့အသက် ၁၉ နှစ်မှာ ပထမဆုံး စပိန်မှာ ပွဲဦးထွက်ကစားခဲ့ရတာကြောင့် 19 ဂဏန်းကို ရေးထိုးထားတာ ဖြစ်ပါတယ်။ လက်ခလယ်ပေါ်က 90+ ကတော့ အက်သလက်တီအသင်းနဲ့အတူ ၂၀၁၄ ခုနှစ်က ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်မှာ နောက်ကျချေပဂိုးသွင်းယူခဲ့တဲ့ မှတ်တိုင်တစ်ခုအဖြစ် အမှတ်တရရေးထိုးခဲ့တာပဲ ဖြစ်ပါတယ်။

(၃) ဒီရော့စီ

Daniele De Rossi's tattoo

Photo : Givemesport

ရိုးမားကွင်းလယ်လူဟောင်း ဒီရော့စီရဲ့ ညာဖက်ခြေသလုံး ကြွက်သားနောက်ဘက်မှာတော့ ပြောင်မြောက်လှတဲ့ Tackle Hazard လို့အမည်ပေးထားတဲ့ တက်တူးဒီဇိုင်းတစ်ခုရှိပါတယ်။ ဒီတက်တူးဒီဇိုင်းကတော့ အခက်အခဲဆုံးဘောလုံးဖြတ်ထုတ်မှုကို အကောင်းမွန်ဆုံးကျော်ဖြတ်ခဲ့တဲ့ ကစားသမားဘဝရဲ့ မှတ်တိုင်တစ်ခုကို ကိုယ့်ကိုယ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ရေးထိုးခဲ့ခြင်းပဲ ဖြစ်ပါတယ်။

(၄) နေမာ

Neymar's tattoo

Photo : Givemesport

ဘာစီလိုနာကြယ်ပွင့် ကစားသမားဟောင်းနေမာရဲ့ ညာဘက်လက်မောင်းက မိန်းမချောလေးရဲ့ တက်တူးပုံကို ပရိသတ်တွေ သတိထားမိမယ်ထင်ပါတယ်။ သူမကတော့ တခြားသူမဟုတ်ပါဘူး နေမာရဲ့ ညီမဖြစ်သူ ဘရာဇီးသူအချောလေး ရာဖယ်လာပဲ ဖြစ်ပါတယ်။ နေမာကတော့ သူရဲ့ ညီမကို အတော်လေးချစ်ပုံရပြီး မောင်နှမလိုရော သူငယ်ချင်းလိုပါ ကောင်းမွန်တဲ့ဆက်ဆံရေးရှိတယ်လို့ ဆိုပါတယ်။

(၅) နီကိုလတ် အော်တာမန်ဒီ

Nicolas Otamendi's tattoos

Photo : Givemesport

မန်ချက်စတာစီးတီးနောက်ခံလူ အော်တာမန်ဒီရဲ့ ကျောပြင်မှာတော့ နာမည်ကြီး ရုပ်ရှင်စီးရီးတွေထဲက ဇာတ်ကောင်ပုံတွေကို ထူးထူးခြားခြားမြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ Breaking Bad ရုပ်ရှင်စီးရီးထဲက ဝေါ်လ်တာဝှိုက် နဲ့ နာမည်ကြီး Peaky Blinders စီးရီးထဲက အဓိကဇာတ် ကောင် တော်မီရှယ်လ်ဘီတို့ရဲ့ ပုံတွေကို ရေးထိုးထားတာပဲ ဖြစ်ပါတယ်။

Featured Photo : The Sun