လီဗာပူးလ်ကြယ်ပွင့်ဟောင်း ဟိုဆေး အန်းနရစ်ဟာ ဘတ်ပီသာ လီဗာပူးလ်အသင်းကို ပြောင်းရွှေ့လာခဲ့မယ်ဆိုရင် အင်စတာဂရမ်မှာ live လွှင့်ပြီး ရေကူးကန်ထဲကို ကိုယ်တုံးလုံးနဲ့ ဒိုင်ဗင်ထိုးပြမယ်လို့ ပြောကြားခဲ့ပါတယ်။

ဘတ်ပီရဲ့ ပီအက်စ်ဂျီအသင်းနဲ့ ရေရှည်အနာဂတ်ဟာ ၂၀၂၂ ခုနှစ်မှာ သက်တမ်း ကုန်ဆုံးတော့မယ့် လက်ရှိစာချုပ်ကြောင့် မရေရာမှုတွေ ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး ပြင်သစ်က သတင်းတွေအရ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူးဟာ စာချုပ်သစ် ချုပ်ဆိုဖို့ ငြင်းပယ်ခဲ့ပြီးနောက် ယခုနွေရာသီမှာ အသင်းကို စွန့်ခွာဖွယ်ရှိတယ်လို့ သိရပါတယ်။

ပီအက်စ်ဂျီအသင်းဟာ လီယွန်နယ် မက်ဆီကို အံ့အားသင့်ဖွယ် ခေါ်ယူနိုင်ခဲ့ပြီးနောက် ဘတ်ပီကို ဆက်လက်ထိန်းသိမ်းထားချင်ပေမယ့် အလွတ်ပြောင်းရွှေ့ကြေးနဲ့ လာမယ့်နွေရာသီမှာ ထွက်ခွာခွင့်မပြုရအောင် ယခုနွေရာသီမှာ မဖြစ်မနေ ရောင်းထုတ်ရဖွယ်ရှိနေတာဖြစ်ပါတယ်။

Kylian Mbappe transfer

Photo: talksport

ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ အချိန်တစ်ခုအထိ သတင်းတွေ အခိုင်အမာထွက်ပေါ်ခဲ့ဖူးသူဖြစ်ပေမယ့် အမည်မဖော်လိုတဲ့အင်္ဂလိပ်ကလပ်အသင်းတစ်သင်းကလည်း ဘတ်ပီကို ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့တယ်လို့ RMC Sport က ဖော်ပြခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဘတ်ပီကို နောက်ထပ်တစ်နှစ် သက်တမ်းတိုးခွင့် ပါဝင်တဲ့ ၅ နှစ်စာချုပ် ကမ်းလှမ်းခဲ့တယ်လို့လည်း RMC Sport ကပဲ ဖော်ပြခဲ့ပြီး စာချုပ်သစ်အရ ဘတ်ပီဟာ မက်ဆီနဲ့ နေမာပြီးရင် အသင်းရဲ့ တတိယမြောက် လစာအများဆုံး ကစားသမားဖြစ်လာမယ်လို့ သိရပါတယ်။

အန်းဖီးမှာ ၅ နှစ်ကြာ ကစားခဲ့ဖူးတဲ့ ဟိုဆေး အန်းနရစ်က လီဗာပူးလ်အသင်းနဲ့ပတ်သက်ပြီး ခိုင်မာတဲ့ ချစ်ခင်ရင်းနှီးမှုမျိုး ရှိနေဆဲဖြစ်ပြီး ကြိုးကြာနီတွေဆီ ဘတ်ပီ ပြောင်းရွှေ့လာနိုင်ခြေနဲ့ပတ်သက်ပြီး ၎င်းရဲ့ စိတ်လှုပ်ရှားမှုကို မထိန်းချုပ်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၃၅ နှစ်အရွယ် စပိန်နောက်ခံကစားသမားက အင်စတာဂရမ်မှာ “ဘတ်ပီရဲ့ အပြောင်းအရွှေ့သာ တကယ်ဖြစ်လာခဲ့ရင် အင်စတာဂရမ်မှာ live လွှင့်ပြီး ရေကူးကန်ထဲကို ကိုယ်တုံးလုံးနဲ့ တကယ် ခုန်ချပြမှာပါ”လို့ ရေးသားခဲ့တာဖြစ်ပါတယ်။

Featured Photo: thisisanfield