ကားအစိတ်အပိုင်းတွေဖြစ်တဲ့ ကားဘက်မှန်အဖြုတ်ခံရတာ၊ ကားဘီးဖြုတ်သွားတာ၊ ကားမှန်ရိုက်ခွဲပြီး အထဲက တန်ဖိုးကြီးပစ္စည်းတွေခိုးသွားတာ စတဲ့ ပြဿနာမျိုးစုံကို သင် ကိုယ်တိုင် မကြုံတွေ့ရရင်တောင် သင့် ပတ်ဝန်းကျင်မှာ ကြားဖူးမှာပါ။ ဝါရင့်ဒုစရိုက်သမားတွေဆိုရင် အကြာကြီးရပ်ထားတဲ့ ကားတင်မကပါဘူး၊ မိနစ်ပိုင်းလောက်ပဲ ရပ်ထားတဲ့ကားတွေဆိုလည်း ဘယ်လိုခိုးရမလဲဆိုပြီး ချောင်းနေကြတာပါ။

Kwee ရဲ့ စာဖတ်ပရိသတ်တွေအတွက် ဒီတစ်ခါမှာတော့ မိမိရဲ့ကားကို ကားသူခိုးတွေလက်ကနေ ကင်းလွတ်အောင် ဘယ်လိုပြုလုပ်ရမလဲဆိုတဲ့ အချက်လေးတွေ ဝေမျှပေးချင်ပါတယ်။

တန်ဖိုးကြီးပစ္စည်းတွေကို ကားနောက်ဖုံးထဲမှာ ထည့်ထားပါ။

သူခိုးတွေက များသောအားဖြင့် ကားအတွင်းပိုင်းထဲက မျက်စိနဲ့မြင်ရတဲ့ ပစ္စည်းတွေကိုပဲ ခိုးယူကြတာပါ။ ကားနောက်ဆုံးကို ဖွင့်ဖို့ အချိန်မရကြပါဘူး။ ဒါ့ကြောင့် သင့်ရဲ့ ခရီးဆောင်အိတ်၊ ကုတ်အင်္ကျီ၊ အရေးကြီးတဲ့စာရွက်စာတမ်း စတဲ့ပစ္စည်းတွေကို ကားနောက်ဖုံးထဲမှာပဲ ထည့်ထားပါ။

မီးအလင်းရောင်ရတဲ့ နေရာမှာပဲ ကားရပ်ထားပါ။

ကားသူခိုးတွေက မီးအလင်းရောင်အောက်မှာ ရပ်ထားတဲ့ ကားတွေထက်စာရင် အမှောင်မှာရပ်ထားတဲ့ကားတွေကိုသာ မျက်စိကျကြတာပါ။ ဒါမှလည်း သူတို့ဘာလုပ်နေတယ်ဆိုတာ လူမမြင်မှာကိုး။

တန်ဖိုးကြီးပစ္စည်းများကို ကားထိုင်ခုံအောက်မှာ ဝှက်ထားပါ။

မိနစ်ပိုင်းလောက်ပဲ ကားရပ်ထားမှာဆိုပြီး ပိုက်ဆံအိတ်ကို ထိုင်ခုံပေါ်မှာ ဒီအတိုင်း ပစ်မထားခဲ့ပါနဲ့။ ကားထိုင်ခုံအောက်မှာ သေသေချာချာ ဝှက်ထားခဲ့ပါ။

ဖောင်ထွင်းမမြင်နိုင်တဲ့ ကားမှန်တပ်ထားပါ။

ကားထဲကို မမြင်ရတဲ့အခါ ကားထဲမှာလူများ ရှိနေမလား၊ တန်ဖိုးကြီးပစ္စည်းတွေရော ရှိပါ့မလားဆိုတဲ့ မသေချာမှုများစွာကြောင့် သူတို့ အဲ့ဒီလောက်အရဲစွန့်ဖို့ အချိန်ရှိမှာမဟုတ်ပါဘူး။

သင့်ရဲ့ကားမှာ GPS နောက်ယောင်ခံစက် တပ်ထားလားဆိုတာ စစ်ဆေးပါ။

သူခိုးအကြီးစားတွေက ကျိကျိတက်ချမ်းသာတဲ့ သူဌေးတွေရဲ့ကားမှာ GPS နောက်ယောင်ခံစက် တပ်ထားတယ်ပြီး သူ့ရဲ့တစ်နေ့တာမှာ ဘယ်သွားတယ်၊ ဘယ်လာတယ်ဆိုတာကို အရင်လေ့လာလေ့ရှိပါတယ်။ ဒါမှ ဘယ်အချိန်က ခိုးလို့အကောင်းဆုံးဖြစ်မလဲဆိုတာ သိမှာကိုး။ ဒါတင်မကသေးပါဘူး။ GPS အတပ်ခံလိုက်ရမယ်ဆိုရင် သင် အိမ်မှာမရှိတဲ့အချိန် သင့် အိမ်ကိုတောင် ဝင်ဖောက်ပါလိမ့်မယ်။

သင့်အကြောင်း အချက်အလက်အသေးစိတ်ပါတဲ့ စာရွက်စာတမ်းတွေကို ကားပေါ်မှာ မထားခဲ့ပါနဲ့။

သင့် အိမ်အမှတ်က နံပါတ်ဘယ်လောက်၊ ဘယ်လမ်းမှာနေတယ်၊ သင်က ဘာအလုပ်လုပ်ကိုင်လဲ၊ သင့်မှတ်ပုံတင်နံပါတ် စတဲ့ အရေးကြီးတဲ့အချက်အလက်တွေကို ကားပေါ်မှာ မထားခဲ့ပါနဲ့။ ထိုအချက်အလက်တွေရသွားမယ်ဆိုရင် သင့်ကို လိမ်လည်လှည့်ဖြားဖို့ ခွင်ဖန်နေပါလိမ့်မယ်။

ကားအပိုသော့ကို ကားထဲမှာ လုံးဝမထားခဲ့ပါနဲ့။

သင့်ရဲ့ ကားအပိုသော့သာ ရသွားမယ်ဆိုရင်တော့ ကားသူခိုးက သင့်ကားကို သူ့ကိုယ်ပိုင်ကားလို မောင်းထွက်သွားပါလိမ့်မယ်။ အင်မတန်အန္တရာယ်ကြီးတဲ့ အပြုအမူပဲဖြစ်ပါတယ်။

ကားထဲမှာ ပိုက်ဆံအပိုမထည့်ထားပါနဲ့။

တချို့သူတွေက ဂိတ်ကြေး၊ လမ်းတံတားကြေးတို့ ပေးရတာ လွယ်ကူအောင်ဆိုပြီး ပိုက်ဆံအဆင်သင့်ထုတ်ထားတတ်ပါတယ်။ သင် ကားထဲမှာ မရှိတဲ့အချိန် ထိုပိုက်ဆံက သူခိုးတွေကို လာခိုးပါလို့ လက်ယပ်ခေါ်နေသလိုပါပဲ။

Source: Brightside.me