ဘဝတစ်ခုစီ ရလာပြီးနောက် အသက်ကို မွေးယူကြသူတိုင်းဟာ ဖြောင့်သောလမ်းကို လျှောက်လှမ်းချင်ကြတာ ဓမ္မတာပါပဲ။ ဒါပေမယ့်လည်း Life is struggle ဆိုတဲ့ အင်္ဂလိပ် စကားပုံအတိုင်း ဘဝဟာ ရုန်းကန်မှုတွေ တင်းကြမ်းနဲ့ ပြည့်နှက်နေစမြဲပါ။
ဒီလို လှုပ်ရှားရတဲ့ လူ့ဘဝကြီးမှာ ကိုယ့်ဘဝကို ပုံဖော်ရာမှာ သုံးဖို့ “ကကြီး” လေးလုံး လက်ဆောင်ပေးချင်ပါတယ်။ ဒီ “ကကြီး ” တွေဟာ အဓိပ္ပါယ်ရှိတဲ့ လူတစ်ယောက်ရဲ့ ဘဝကို ပုံလောင်းရာမှာ အရေးပါတဲ့ ပြဌာန်းချက်တွေလို့လည်း မှတ်ယူနိုင်ပါတယ်။

(၁) ကျန်းမာရေ

Photo: Pexels

လူတစ်ယောက် ချမ်းမြေ့ပျော်ရွှင်တဲ့ ဘဝတစ်ခုပိုင်ဆိုင်ဖို့ အရေးကြီးဆုံး လိုအပ်ချက်ကတော့ ကျန်းမာဖို့ပါပဲ။ ကျန်းမာခြင်းဟာ ဓနဥစ္စာတွေက မပေးနိုင်တဲ့ လူဖြစ်ရခြင်းပေါ် နှစ်သက်ကျေနပ်မှုနဲ့ ကြီးမြတ်တဲ့ စည်းစိမ်တွေ ပေးနိုင်ပါတယ်။
ကျန်းမာသူဟာ စားသမျှ အစားအသောက်မှာ ခံတွင်းလိုက်ပါတယ်။ သွားချင်တဲ့ ခရီးတိုင်းကို ကောက်ခနဲ လျှောက်သွားနိုင်ပါတယ်။ ရွှင်မြူးတဲ့ စိတ်နဲ့ ကြည်နူးတဲ့နေ့တွေ ဖြတ်သန်းနိုင်ပါတယ်။ ပိုက်ဆံနဲ့ ဝယ်ပြီး လက်ဆောင်ပေးလို့မရတဲ့ ဂုဏ်အရည်အသွေးတွေကို ကျန်းမာရေးက အလကားပေးပါတယ်။
ရုပ်နဲ့ နာမ်နှစ်ပါး ချမ်းသာမှသာ တကယ်ကျန်းမာတဲ့ သူဖြစ်ပြီး ကျန်းမာခြင်းဟာ အဖိုးတန်လွန်းလို့ တကယ်အပြည့်အဝ ကျန်းမာသူဆိုတာ ရှားပါတယ်။ ဒီဘက်ခေတ်လို ရောဂါဘယထူပြောတဲ့ ခေတ်ကာလကြီးမှာ ကျန်းကျန်းမာမာ နေရတယ်ဆိုတာ တကယ့်ကို ဆုလာဘ်တစ်ခုဖြစ်ပါတယ်၊ ဒါကြောင့် နံပါတ်တစ်အနေနဲ့ ကျန်းမာအောင် နေပါ။

(၂) ကိုယ်ကျင့်တရား

Photo: Unsplash

ကိုယ်ကျင့်တရားဟာ လူတစ်ယောက်ကို ဘယ်လောက် မြင့်သလဲ တိုင်းတဲ့ စံပေတံတစ်ခုလည်း ဖြစ်ပါတယ်။ အကျင့်သီလကောင်းမှုနဲ့ ပုဂ္ဂလိကဆိုင်ရာ Ehics လိုက်နာမှုဟာ တန်ဖိုးတစ်ခုပါပဲ။ လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူ့ရဲ့ ကိုယ်ကျင့်တရားပေါ် ဦးလည်မသုန် စောင့်ရှောက်မှု ဖြစ်ပြီး ပစ္စုပ္ပန် နဲ့ နောင်သံသရာအထိ အကျိုးပြုမယ့် အရာလည်း ဖြစ်ပါတယ်။ကိုယ်ကျင့်သိက္ခာကောင်းတဲ့သူကို မျက်မှောက်မှာလည်း ရဟန်းရှင်လူ ပရိတ်သတ်တွေက ချီးကျူးကြပါတယ်။ မျက်ကွယ်ပြုသွားချိန်မှာလည်း သူ့ရဲ့ မျိုးဆက် နောင်လာနောက်သားတွေ တိုင်အောင် သူ့ရဲ့ သီလရနံ့ဟာ မွှေးပျံ့နေမှာပါ

(၃) ကြီးပွားခြင်း

Photo: Unsplash

ပစ္စည်းဥစ္စာ ရှာဖွေခြင်း ၊ အသိအတတ်ပညာအရာတွေမှာ ထွန်းကားခြင်းကို ကြီးပွားခြင်းဆိုပြီး သမုတ်ချင်ပါတယ်။ လူတစ်ယောက် ကြီးပွားခြင်းဟာ အတ္တဟိတလည်း မြောက်သလို သူနေထိုင်ရာ လူ့အဖွဲ့အစည်းအတွက်လည်း ပရဟိတမြောက်ပါတယ်။
လူတိုင်းဟာ ဖြူစင်ဖြောင့်မတ် ကောင်းမြတ်တဲ့ နည်းလမ်းတွေနဲ့ အလုပ်အကိုင် ၊ အတတ်ပညာနဲ့ အများအကျိုးရှိရာ ဌာနတွေမှာ ကြီးပွားနေမယ်ဆိုရင် ဒီလူ့အဖွဲ့အစည်းဟာ သာဓုခေါ်ရမယ့် လူ့အဖွဲ့အစည်းပါပဲ။

(၄) ကောင်းမှု

Photo: Freepik

ကုသိုလ်ဆိုတာ အပြစ်ကင်းတဲ့ အလုပ်ကို ဆိုတာ ဖြစ်ပါတယ် ကောင်းမှုပြုခြင်း ၊ ကောင်းတဲ့အလုပ်မှာ မွေ့လျော်ခြင်းဟာ လူတိုင်းဆောင်ထားသင့်တဲ့ မြတ်တရားပါပဲ။ ကောင်းရာကောင်းကြောင်း အမှုကောင်းတွေဟာ နေ့တိုင်းမှာ တတ်နိုင်သလောက် လုပ်သွားသင့်သလို စိတ်ထဲမှာလည်း အမြဲပွားများသင့်တဲ့ တရား ဖြစ်ပါတယ်။
ဘာသာတရားအရပဲ ဖြစ်ဖြစ် လူ့လောကီ အမြင်အရပဲ ဖြစ်ဖြစ် ကုသိုလ်ပြုသူဟာ ချမ်းသာတဲ့ စိတ်နဲ့ နေနိုင်ပါတယ်။ မကောင်းတဲ့ အကုသိုလ်မှု ပြုထားသူအတွက် အိပ်မက်ဆိုး ၊ နိမိတ်ဆိုးတွေနဲ့ပဲ နိုးထရတယ်ဆိုတာ အထင်ရှားပါ။
ဒါကြောင့်ပဲ လူ့ဘဝခရီးမှာ အဓိပ္ပါယ်ရှိရှိ လျှောက်လှမ်းတော့မယ်ဆိုရင် အခုပြောတဲ့ က ကြီး လေးလုံးကို နှလုံးသွင်းပြီး ပြည့်စုံအောင် နေ့တိုင်း ဖြည့်တင်းထားသင့်ပါတယ်။