အင်္ဂါနေ့ည (၁၁)နာရီခွဲအချိန်မှာယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၃၄) ချယ်လ်ဆီးအသင်းနှင့် ခရစ္စတယ်ပဲလေ့စ်အသင်းတို့ပွဲစဉ်မှာတော့ ချယ်လ်ဆီးအသင်းက အိမ်ရှင်ခရစ္စတယ်ပဲလေ့စ်အသင်းကို (၃-၂) ဂိုးရလဒ်ဖြင့် အဝေးကွင်းအနိုင်ရလဒ်ထွက်ပေါ်ခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းအနေနဲ့ ပွဲစဉ်အစကတည်းက အိမ်ရှင်ခရစ္စတယ်ပဲလေ့စ်အသင်းကို ဖိအားပေးကစားနိုင်ခဲ့ပြီး ပထမပိုင်းပွဲကစားချိန်စတင်ပြီး (၆) မိနစ်အကြာမှာပဲ ဝီလီယံရဲ့ဖန်တီးပေးပို့ကနေတဆင့် ဂျရူးက အကောင်းမွန်ဆုံး အဆုံးသတ်ကန်သွင်းယူမှုနဲ့အတူ ချယ်လ်ဆီးအသင်းအတွက် ပထမဆုံးဦးဆောင်ဂိုးကိုရရှိခဲ့ပါတယ်။

Source : Evening Standard
ချယ်လ်ဆီးအသင်းအနေနဲ့ ဦးဆောင်ဂိုးရရှိပြီးနောက်ပိုင်းမှာလည်း ပွဲကိုဆက်လက်ဦးဆောင်ကစားခဲ့ပြီး ပွဲကစားချိန် (၂၇) မိနစ်မှာတော့ ဒုတိယမြောက်သွင်းဂိုးထပ်မံရရှိခဲ့ပါတယ်။အဆိုပါသွင်းဂိုးကိုတော့ နောက်ထပ်တစ်ကြိမ် ဝီလီယံရဲ့ဖန်တီးပေးပို့မှုကနေတဆင့် ခြေစွမ်းကောင်းတွေပြသနေတဲ့လူငယ်ကစားသမား ပူလီဆစ်ကလှလှပပ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ပွဲကစားချိန် (၃၄) မိနစ်ကိုရောက်ရှိလာချိန်မှာတော့ အိမ်ရှင်အသင်းဘက်ကနေ ချေပဂိုးတစ်ဂိုးပြန်လည်ရရှိခဲ့ပြီး အဆိုပါအသင်းအတွက် ချေပဂိုးကိုတော့ ဇာဟာက အံ့အားသင့်ဖွယ်အဝေးကန်ချက်နဲ့အတူ အလှအပဆုံးကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ပွဲစဉ်ပထမပိုင်းကိုတော့ ဧည့်သည်ချယ်လ်ဆီးအသင်းက (၂-၁)ဂိုးနဲ့ ဦးဆောင်နေခဲ့ပါတယ်။

Source : Evening Standard
ဒုတိယပိုင်းပြန်လည်စတင်ချိန်မှာတော့ အိမ်ရှင်ခရစ္စတယ်ပဲလေ့စ်အသင်းက ပြန်လည်ဖိအားပေးကစားခဲ့ပြီး ချေပဂိုးတွေပြန်လည်သွင်းယူဖို့ ကြိုးစားခဲ့ပါတယ်။ သို့သော်လည်း ပွဲကစားချိန် (၇၁) မိနစ်မှာတော့ ချယ်လဲဆီးအသင်းမှာ လူစားလဲဝင်ရောက်လာခဲ့တဲ့ ကစားသမားနှစ်ဦးဖြစ်တဲ့ လော့ဖ်တပ်ချိစ်ရဲ့ ပေးပို့မှုကို အေဘရာဟမ်က အချိတ်အဆက်မိမိကန်သွင်းယူခဲ့တာကြောင့် အသင်းအတွက် တတိယမြောက်ဂိုးရရှိခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပဲ အိမ်ရှင်ခရစ္စတယ်ပဲလေ့စ်အသင်းက ပွဲချိန် (၇၂) မိနစ်မှာ ချယ်လ်ဆီးအသင်းရဲ့ခံစစ်ကိုကျော်ဖြတ်ပြီး ဘန်တီကီက အနီးကပ်ကန်သွင်းယူခဲ့တာကြောင့် ဒုတိယမြောက်ချေပဂိုးရရှိခဲ့ပါတယ်။

Source : Evening Standard
လက်ကျန်မိနစ်တွေမှာ တစ်သင်းနဲ့တစ်သင်းသွင်းဂိုးတွေထပ်မံရရှိဖို့အစွမ်းကုန်ကြိုးစားခဲ့ပြီး ပွဲပြီးခါနီးနောက်ဆုံးမိနစ်ရောက်ရှိလာချိန်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့အပြင်းထန်ဆုံးတိုက်စစ်ကစားပုံတွေကို ချယ်လ်ဆီးအသင်း ခက်ခက်ခဲခဲကာကွယ်နိုင်ခဲ့တာကြောင့် ပွဲပြီးရလဒ်အနေနဲ့ ချယ်လ်ဆီးအသင်းက ခရစ္စတယ်ပဲလေ့စ်အသင်းကို (၃-၂)ဂိုးနဲ့ အဝေကွင်းမှာအနိုင်ရရှိသွားခဲ့တာဖြစ်ပါတယ်။
