လိဒ်စ်ယူနိုက်တက်ရဲ့ အဲလန်းရုဒ်ကွင်းဟာ တနင်္ဂနွေနေ့ညနေက မန်ချက်စတာ ယူနိုက်တက် အသင်းကို ၄-၂ နဲ့ ရှုံးနိမ့်ပြီးနောက်ပိုင်း အီလန်ဂါရုဒ်လို့ နာမည်ပြောင်းလဲခြင်းခံခဲ့ရပြီး ပိုင်ရှင်နေရာမှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ နာမည် ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် ရှုံး မရှု့မလှ လိဒ်စ်

Photo: Manchestereveningnews

ဖာနန်ဒက်စ်နဲ့ အီလန်ဂါတို့ ၂ ဦးစလုံးဟာ ထိပ်ဆုံး ၄ နေရာနဲ့ ၄ မှတ်အကွာကို တက်ရောက်နိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ဂိုးသွင်းယူပေးခဲ့ကြတဲ့ ကစားသမား တွေဖြစ်ပြီး အီလန်ဂါက တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပြီးနောက် စတုတ္ထမြောက်ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့တာကြောင့် အချိုပေါ် သကာလောင်းသလို ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၁၉ နှစ်အရွယ် ကစားသမားဟာ တိုက်စစ်စတင်ချိန်မှာ ဖာနန်ဒက်စ်ရဲ့ အလွန်ကောင်းမွန်တဲ့ ပေးပို့မှုကနေတဆင့် လိဒ်စ်ဂိုးသမား မက်စ်လီယာ ဘယ်လိုမှ မကာကွယ်နိုင်အောင် အဆုံးသတ်ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

မျက်နှာပြောင်တတ်တဲ့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ဝီကီပီးဒီးယားကို သွားပြီး လိဒ်စ်ယူနိုက်တက်ရဲ့ အိမ်ကွင်းနဲ့ အသင်းပိုင်ရှင်နေရာမှာ အီလန်ဂါနဲ့ ဖာနန်ဒက်စ်တို့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြောင်းရေးခဲ့ကြတာ ဖြစ်ပါတယ်။ ပွဲကြည့်စင် ၃ ခုဟာလည်း အန်သိုနီ အီလန်ဂါ ပွဲကြည့်စင်၊ ဘရူနို ဖာနန်ဒက်စ် ပွဲကြည့်စင်၊ ဟာရီ မက်ဂွိုင်းယား ပွဲကြည့်စင်ဆိုပြီး ပြောင်းလဲသတ်မှတ်ခြင်း ခံခဲ့ရတာဖြစ်ပြီး ပြင်းထန်တဲ့ပွဲစဉ်အပြီးမှာ ဒီလို ပေါက်တတ်ကရတွေ မြင်ခဲ့ရတာက လိဒ်စ်ယူနိုက်တက်ပရိသတ်တွေအဖို့တောင် ရယ်ရခက် စိတ်ဆိုးရခက် ဖြစ်စေခဲ့တာဖြစ်ပါတယ်။

ယူနိုက်တက် ရှုံး မရှု့မလှ လိဒ်စ်

Photo: Sportbible

“ငါတို့ ဟွမ်ကွင်းနဲ့ အီလန်ဂါရုဒ်ကို ရရှိခဲ့တယ်။ ငါတို့ ကောင်းမွန်တဲ့ဘဝမှာ နေထိုင်နေပြီ”လို့ ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပြီး နောက်ထပ်တစ်ဦးကလည်း “အီလန်ဂါက တစ်ပွဲကစားပြီးနောက်မှာပဲ ယော့ခ်ရှိုင်းယားကို ပိုင်သွားပြီ”လို့ ရေးသားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း ထောင့်ကန်ဘောကနေ ပထမဆုံး သွင်းဂိုးကို ဟာရီ မက်ဂွိုင်းယားကနေတဆင့် ရရှိခဲ့တာဖြစ်ပြီး ဘရူနို ဖာနန်ဒက်စ်၊ ဖရက်ဒ်၊ အီလန်ဂါတို့က အစဉ်အလာကြီးမားတဲ့ပြိုင်ဘက် လိဒ်စ်အသင်းကို ၄-၂ နဲ့ အနိုင်ရရှိအောင် ဂိုးတွေ အသီးသီး သွင်းယူပေးခဲ့ကြတာ ဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုနှစ်မှာ ဒုတိယအကြိမ်မြောက် ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ နည်းပြ ရန်းနစ်ခ်က ပြီးခဲ့တဲ့အပတ်က အဝတ်လဲခန်းအတွင်း အကွဲအပြဲဖြစ်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေကို တုံ့ပြန်ဖို့အတွက် အရေးပါတဲ့နိုင်ပွဲ ဖြစ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ယူနိုက်တက် ရှုံး မရှု့မလှ လိဒ်စ်

Photo: Sportbible

“ဒီနေ့နိုင်ပွဲက အရေးပါတဲ့ နိုင်ပွဲဆိုတာ ကျွန်တော်တို့ သိခဲ့ကြပါတယ်။ ဒါက အသင်းက ပေးနိုင်တဲ့ အကောင်းဆုံးအဖြေပါပဲ။ ရင့်ကျက်မှု၊ စည်းလုံးမှုနဲ့ပတ်သက်ပြီး ပြီးပြည့်စုံခဲ့ပါတယ်။ ဒီနိုင်ပွဲက ပြီးခဲ့တဲ့အပတ် အဝတ်လဲခန်းထဲမှာ ပဋိပက္ခအချို့ရှိနေတယ်ဆိုတဲ့ သတင်းအချို့ကို သူတို့တွေ ပေးလိုက်နိုင်တဲ့ အကောင်းဆုံး တုံ့ပြန်မှုပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Sportbible