Friend Zone တဲ့လား။ ပြောတော့သာ စကားလုံးလေး ၂ လုံးတည်း ခံစားရတာတွေကတော့ တနင့်တပိုးကြီးပါပဲ။ စာဖတ်သူတို့ထဲမှာရော ဖရန့်ဇုန်ထဲ ထည့်ခံထားရတဲ့သူတွေ ဘယ်နှယောက်များပါကြမလဲ မသိဘူးနော်။

ဒီရုပ်ရှင်ရိုက်ကူးတဲ့ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာက လူငယ်တွေကြား အသုံးများနေတဲ့ ဖရန့်ဇုန်ဆိုတဲ့ စကားလုံးလေးကို အခြေတည်ပြီး ရုပ်ရှင်ကားတစ်ကား ရိုက်ကူးခဲ့ဟန်တူပါတယ်။ ပုံမှန်ဆိုရင် ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်က ရင်းနှီးမှုတွေ ပိုလာတဲ့အခါ သမီးရည်းစားဆိုတဲ့အဆင့်ကို တက်သွားကြပါတယ်။ တချို့ကံမကောင်းတဲ့သူတွေကတော့ သူငယ်ချင်းဇုန်ဆိုတဲ့ ကန့်သတ်နယ်မြေထဲက ကျူးကျော်ရုန်းထွက်ခွင့်မရကြပါဘူး။ သူတို့တွေက သူငယ်ချင်းလည်းမကျ၊ ချစ်သူလည်းမဟုတ်တဲ့ ဆက်ဆံရေးပဲဖြစ်ပါတယ်။

ဒီရုပ်ရှင်ကားရဲ့ ဇာတ်လမ်းအကျဉ်းကတော့ Palm ဆိုတဲ့ကောင်လေးနဲ့ Gink ဆိုတဲ့ကောင်မလေးက သူငယ်ချင်းတွေဖြစ်ခဲ့ကြတာ ၁၀ နှစ်ကျော်ကြာပါပြီ။ အထက်တန်းကျောင်းမှာတုန်းက Palm က သူ့ရဲ့ခံစားချက်ကို ဖွင့်ပြောခဲ့ပေမယ့် “ငါတို့တွေ သူငယ်ချင်းလို နေတာက အကောင်းဆုံးပါပဲ” ဆိုပြီး အငြင်းခံလိုက်ရရှာတယ်။ ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်က သူငယ်ချင်းကောင်းဆိုတဲ့ အဖြူရောင်နယ်မြေထဲမှာပဲ ခင်မင်ခဲ့ကြတယ်။

နှစ်တွေကြာပြီး အရွယ်ရောက်လာတော့ Gink က Ted ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ ရည်းစားတွေဖြစ်၊ Palm ကလည်း ကောင်မလေးတွေ ထည်လဲတွဲပေါ့။ သူတို့ နှစ်ယောက်ဆက်ဆံရေးကတော့ သာမန်ထက်ပိုတာ အမှန်ပါပဲ။ Palm က သူ့ရည်းစားတွေနဲ့ကွဲတိုင်း Gink က အားပေးစကားပြောပေးတယ်။ Gink က သူ့ကောင်လေးနဲ့ ရန်ဖြစ်စကားများတိုင်း သူမ ဘယ်နေရာမှာပဲ ရှိနေ ရှိနေ၊ တစ်နိုင်ငံစီ တကွဲတပြားရှိနေရင်တောင် Palm က သူမဆီ မရောက်ရောက်အောင် သွားခဲ့တာပါ။ တစ်ယောက်အတွက်တစ်ယောက် အမြဲအဆင်သင့်ရှိနေတဲ့သူတွေက Friend Zone ထဲမှာတဲ့လား။

ဒီရုပ်ရှင်ကားလေးကို ကြည့်ရင်းနဲ့ ဇာတ်ကောင်နှစ်ယောက်ကို အားမလိုအားမရခံစားရမှာဖြစ်ပြီး အသည်းတယားယားနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။ Gink က Palm အပေါ်မှာ တကယ်ပဲ သူငယ်ချင်းအချစ်ထက် မပိုဘူးလားဆိုတာ သိချင်ကြတယ်မလား။ ဒါဆိုရင်တော့ ပိတ်ကားထက်မှာ အဖြေရှာကြည့်လိုက်ရအောင်။ Gink ရဲ့ Palm အပေါ်ထားတဲ့စိတ်ခံစားချက်၊ ဇာတ်လမ်းမြှုပ်ကွက်တွေကို မျက်ဝါးထင်ထင်သိမြင်ရမှာပါ။

နောက်ထပ်ကြည့်သင့်တဲ့ အကြောင်းပြချက်တစ်ခုကတော့ မြန်မာနိုင်ငံမှာ လာရိုက်ထားတယ်ဆိုတဲ့အချက်ပါပဲ။ ငါးထပ်ကြီးဘုရားနဲ့ ရွှေတိဂုံဘုရားမှာ လာရောက်ရိုက်ကူးသွားပြီး မြန်မာနိုင်ငံရဲ့ အငွေ့အသက်တွေကို ဇာတ်ကားထဲမှာ တွေ့မြင်ရမှာပါ။ ဒါတင်ပဲလား… ဘယ်ဟုတ်မလဲ။ နိုင်ငံကျော်တေးသံရှင် ဖြူဖြူကျော်သိန်းလည်း ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်ဝင်တေးလည်း ပါဝင်သီဆိုပေးထားသေးတယ်နော်။

စာဖတ်သူတို့လည်း ဒီရုပ်ရှင်ကားကို ဘယ်ရုံတွေမှာတင်လဲဆိုတာ သိချင်လောက်ပြီပေါ့နော်။ ရန်ကုန်မှာဆိုရင်တော့ Nay Pyi Taw Cinema, Mingalar Cineplex (Gamone Pwint), Mingalar 2 (Dagon Center 2), Mingalar Sanpya Cineplex နဲ့ Mingalar Cinema Tamwe ။ မန္တလေးမှာဆိုရင်တော့ Mingalar Diamond Cineplex ။ တောင်ငူမှာဆိုရင်တော့ New 3D Cinema ။ မော်လမြိုင်မှာ Mingalar Bayint Cinema နဲ့ လားရှိုးမှာဆိုရင်တော့ Aung Thiri တို့ပဲဖြစ်ပါတယ်။ သွားမကြည့်မိရင် နောင်တအကြီးအကျယ်ရမယ့် အချစ်ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။

ရုပ်ရှင်ဇာတ်ကားအမြည်းလေး အရင်ကြည့်လိုက်ပါဦး။

Photo Source: Rankingfilms.com