Stay Home ဆိုတော့ ပျော်စရာကြီးပေါ့လို့ ထင်မှာပါ။ ဒါပေမယ့်လည်း လုပ်စရာလေးတွေမှ မရှိရင် တစ်ပတ်ဆယ်ရက်လောက်ဆို ပျင်းသွားပါလိမ့်မယ်။ ဒီတော့ အိမ်ထဲက အိမ်အပြင် မထွက်ရဘူးဆိုရင် မငြီးငွေ့အောင် နည်းလမ်းတစ်ချို့ အကြံပြုချင်ပါတယ်။
(၁) ရုပ်ရှင်ကြည့်ပါ
Photo: Unsplash
အကောင်းဆုံးက ကိုယ့်အိမ်မှာ WiFi လေး ဆင်ထားပါ။ စိတ်ကြိုက်ဇာတ်ကားကောင်းတွေ ထိုင်ဒေါင်းပြီး ကော်ဖီတစ်ခွက်နဲ့ ဇိမ်နဲ့ နှပ်ရင်း ကြည့်လို့ရတာပေါ့။ Documentary ကြည့်မလား ၊ Action ကားကြိုက်သလား ၊ Horror ကားတွေနဲ့ ရင်ခုန်ချင်သလား။ လွတ်သွားတဲ့ ဇာတ်ကားကောင်းတွေ အကုန်အားပါးတရ ကြည့်လို့ ရပါပြီ။ သူငယ်ချင်းတွေဆီကလည်း ဘယ်ကားကောင်းသလဲဆိုတာ အကြံတောင်းပြီး ကြည့်သင့်တဲ့ ကားစာရင်းကို List ထုတ်ပြီး ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။
(၂) ဂစ်တာတီးသင်ပါ
Photo: Pexels
အနုပညာဝါသနာပါရင် ဒါက အချိန်ကောင်းပါ။ အိမ်ထဲကနေ အိမ်ပြင်ထွက်စရာမလိုဘဲ YouTube ကနေ ဂစ်တာသင်ခန်းစာတွေ လိုက်ကြည့်ပြီး လေ့ကျင့်သင့်ပါတယ်။ သီချင်းစာသား Lyrics တွေ အွန်လိုင်းက ဒေါင်းပြီး လက်တွေ့ကွင်းဆင်းထားမယ်ဆိုရင် ဂစ်တာလည်း ကျွမ်းကျင် ၊ လူလည်း အပျင်းပြေပါလိမ့်မယ်။
(၃) ဂိမ်းကစားပါ
Photo: Unsplash
ဒါကတော့ တော်တော်များများ လုပ်ကြမယ်ထင်ပါတယ်။ အခုခေတ်မှာ အွန်လိုင်းကနေ လူအများကြီး ပါဝင်ကစားရတဲ့ MOBA ဂိမ်းတွေကလည်း အများကြီးပါပဲ။ ဝါသနာပါရင်တော့ ဂိမ်းခုတ်နေတာကလည်း အိမ်တွင်း အောင်းနေသူတွေ အပျင်းပြေစေမယ့်အလုပ် တစ်ခု ဖြစ်ပါတယ်။
(၄) စာဖတ်ပါ
Photo: Pexels
တစ်ယောက်တည်း လုပ်လို့ရတဲ့ အလုပ်တွေထဲမှာ စာဖတ်တာက အကောင်းဆုံးနဲ့ စရိတ်စကအနည်းဆုံးပါပဲ။ အလုပ်တွေပိလို့ မဖတ်ဖြစ်ခဲ့တဲ့ စာအုပ်တွေကို ဝယ်ပဲ ဖတ်မလား ၊ အွန်လိုင်းက Free Site တွေကနေ ဒေါင်းပြီး ဖတ်မလား ။ အကောင်းဆုံးက စာအုပ်လိုက် လက်ထဲကိုင်ဖတ်ရတာ အရသာအရှိဆုံးပါပဲ။
(၅) တစ်ခုခု ဖန်တီးနေပါ
Photo: Unsplash
သင့်မှာ ထူးကဲတဲ့ ဝါသနာနဲ့ စွမ်းရည်တစ်ခုခု ရှိထားတယ်ဆိုရင် ဒီအချိန်က သင့်ရဲ့ ပါရမီမျိုးစေ့ကို ချပြရမယ့်အချိန် ဖြစ်ပါတယ်။ သင်က ပန်းချီဝါသနာပါပြီး တကယ်လည်း ထူးထူးခြားခြား လက်ရာကောင်းတွေ ဖန်တီးနိုင်တယ်ဆိုရင် အခုချိန်က စုတ်တံကိုင်ပြီး ကင်းဗတ်စ်ရှေ့ ထိုင်ရမယ့်အချိန်ပါ။ သင်ရေးချင်တဲ့ ဝတ္ထုတစ်ခု ၊ ကဗျာတစ်ပုဒ် ဒါမှမဟုတ် အက်ဆေးတစ်ခုခု ခေါင်းထဲမှာ ရှိထားရင် ဒီအချိန်က စာရွက်တွေပေါ် ချရေးရမယ့် အချိန် ဖြစ်ပါတယ်။
အရေးကြီးတာက အားလပ်နေတဲ့ ဒီအချိန်မှာ သင့်ကိုယ်သင် ပျော်အောင် ထားနိုင်သလို မြင့်အောင် မြှင့်ပေးနိုင်တဲ့ အရာတွေ ရှိနေတယ်ဆိုတာ မမေ့ဖို့ပါပဲ။