မန်ချက်စတာယူနိုက်တက်ဂန္တဝင်နောက်ခံကစားသမား ဂယ်ရီနဗီးက ၎င်းရဲ့အသင်းဖော်ဟောင်း ယူနိုက်တက်ဂန္တဝင် ဒေးဗစ်ဘက်ခမ်းနဲ့ တခန်းတည်းအတူတူနေရတာကို ဘာကြောင့် မနှစ်သက်သလဲဆိုတာကို ရှင်းလင်းပြောကြားခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းကစားသမားတွေဟာ ၁၉၉၀ ကျော်ကာလတွေက အဝေးကွင်းပွဲစဉ်တွေမှာ ဟိုတယ်အခန်းကို အတူတူမျှဝေသုံးစွဲခဲ့ရပြီး ဂယ်ရီနဗီးက ဒေးဗစ်ဘက်ခမ်းနဲ့ ၆ လနီးပါး တခန်းတည်းမှာ အတူတူနေထိုင်ခဲ့ရသူဖြစ်ပါတယ်။
Photo: Daily Mirror
ဒေးဗစ်ဘက်ခမ်းနဲ့ ဟိုတယ်တခန်းတည်းမှာ အတူတူနေထိုင်ခဲ့ရတာဟာ အိုးထရက်ဖို့ဒ်မှာ ထူးခြားတဲ့ကစားသမားသက်တမ်း ၁၉ နှစ်ကာလအတွင်းမှာ နဗီးရဲ့ နှစ်သက်စရာအကောင်းဆုံး အမှတ်တရတော့ မဟုတ်ခဲ့တာဖြစ်ပါတယ်။ “ကျွန်တော် ဒေးဗစ်ဘက်ခမ်းနဲ့ ၆ လလောက် တစ်ခန်းတည်းအတူတူနေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကစားသမားတွေနဲ့ တစ်ခန်းတည်းမှာ အတူတူနေရတဲ့ကိစ္စကြီးက လုံးဝရပ်တန့်သွားတယ်။ ဘာလို့လဲဆိုတော့ အားလုံးက သူတို့ရဲ့ ကိုယ်ပိုင်တစ်ယောက်ခန်းထဲမှာပဲ နေခဲ့ကြလို့ပါ” “ကစားသမားတွေက တစ်ယောက်နဲ့တစ်ယောက် လိုက်လျောညီထွေမရှိခဲ့ဘဲ တစ်ယောက်ချင်းစီရဲ့ အိပ်ရာဝင်ချိန်ကလည်း ကွဲပြားခြားနားတယ်ဆိုတာကို သူတို့တွေ သိသွားကြလို့ ထင်ပါတယ်”
“ကျွန်တော် ဘက်ခမ်းနဲ့ ပြဿနာကြီးကြီးမားမား ၂ ခုရှိခဲ့တယ်” “ကျွန်တော်က ၉ နာရီဆို အိပ်တတ်ပြီး မနက် ၅ နာရီလောက်ဆို ထတတ်တယ်။ သူကတော့ ၁၁ နာရီထိုးလောက်ထိ မအိပ်ဘဲနေပြီး မနက်ဆို ၈ နာရီလောက်မှ ထတာလေ။ အဲဒီတော့ သူက ၉ နာရီကနေ ၁၁ နာရီအထိ ကျွန်တော် အိပ်လို့မရအောင်လုပ်ခဲ့ပြီး ကျွန်တော်က မနက် ၅ နာရီကျရင် သူ့ကို အိပ်ရာကနေ နိုးအောင်လုပ်တယ်။ အဲဒီတော့ အဲဒါက လုံး၀ အဆင်မပြေခဲ့ပါဘူး”
“ဒုတိယအချက်ကတော့ သူက အသန့်အကြိုက်ဆုံးပုဂ္ဂိုလ်ထဲမှာပါတယ်။ သူ့ရဲ့အခန်းထဲကို သူဝင်ပြီး ဖယောင်းတိုင်ကို မီးညှိတယ်။ သူ ဓာတ်ပုံတွေကို နံရံမှာ လိုက်ချိတ်တယ်။ အရာအားလုံးကို လုံးဝပြီးပြည့်စုံနေရမယ်ပေါ့။ အဲဒီလိုမျိုး သူ အသက် ၁၈ နှစ်သားလောက်ကတည်းက လုပ်ခဲ့တာပါ”
Photo: Metro
“ကျွန်တော်ကတော့ ပစ္စည်းတွေကို နေရာတကာကို လျှောက်ပစ်ထားတယ်။ အဲဒီတော့ အဲဒါကလည်း အဆင်မပြေဘူးပေါ့” “ကျွန်တော်က အမြဲတမ်း စကားပြောတယ်။ အမြဲတမ်း ငြင်းခုန်နေတတ်ပြီး သူကတော့ လုံးဝကို ဆန့်ကျင်ဘက်ပါပဲ”
“သူက သီချင်းနားထောင်တယ်။ သူက ငြိမ်းငြိမ်းချမ်းချမ်းနေချင်တယ်။ သူ အေးအေးဆေးဆေး အနားယူချင်တယ်။ အဲဒါက ကျွန်တော်တို့ အတူတူရှိနေခဲ့အချိန်တုန်းက လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေခဲ့တဲ့အရာတွေပါပဲ”လို့ ပြောကြားခဲ့ပါတယ်။