မြန်မာနိုင်ငံတွင်းသို့ မုတ်သုံရာသီစောစီးစွာရောက်ရှိခဲ့ပြီဖြစ်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှာ ကြေညာခဲ့ပြီဖြစ်ပါတယ်။ ဒီလို စိုစွတ်ထိုင်းမှိုင်းတတ်တဲ့ မိုးရာသီမှာ ရေနဲ့အစားအစာတွေကတဆင့် ကူးစက်ဖြစ်ပွားစေတဲ့ ရောဂါတွေရှိတတ်ပါတယ်။ ဗိုင်းရပ်စ်၊ မှိုပိုးနဲ့ ဘက်တီးရီးယားတွေကြောင့် အသက်ရှူလမ်းကြောင်းနဲ့ အစာချေစနစ်တွေမှာ ရောဂါဝင်စေတတ်ပါတယ်။

ရေနဲ့ အစားအစာကတဆင့် ကူးစက်ဖြစ်ပွားနိုင်တဲ့ ကျန်းမာရေးပြဿနာတွေက မိုးတွင်းမှာ အမြဲပိုဖြစ်လွယ်ပြီး ပိုးမွှားတွေနဲ့ဘက်တီးရီးယားတွေကလည်း စီးဆင်းမှုမရှိတဲ့ ရေမြောင်း၊ ရေအိုင်တွေနဲ့ စိုထိုင်းတဲ့နေရာတွေ မှာ ပေါက်ဖွားကြတာများပါတယ်။

ဒါကြောင့် ဒီနေ့ kwee page က မိုးရာသီတွင် သတိထားရမည့် အစားအ‌သောက်တွေအကြောင်း ပြောပြပေးသွားမှာပါ။

မိုးရာသီတွင် စားသုံးပေးသင့်သော အစားအစာများ

Source: Beauty-Health-tips

ကြက်ဥ၊ အထူးသဖြင့် ကြက်ဥအနှစ်က ခွန်အားဖြစ်စေတဲ့ အာဟာရတစ်မျိုးဖြစ်ပြိး မိုးရာသီမှာ စားသင့်တဲ့အရာဖြစ်ပါတယ်။ ဗီတာမင် စီ ပါဝင်တဲ့ လိမ္မော်သီးနဲ့ သံပရာသီးတို့ကလည်း ကိုယ်ခံအားကိုကောင်းစေပြီး တုပ်ကွေးနဲ့ ရောဂါတွေကို ကာကွယ်နိုင်ပါတယ်။ အစာခြေစနစ်ကိုကောင်းစေတဲ့ ချင်းက မိုးရာသီမှာအအေးမိဝေဒနာမဖြစ်အောင်လည်း ကာကွယ်ပေးနိူင်ပါတယ်။  ဒိန်ချဉ်၊ ပျားရည် တို့အပြင် ကိုယ်ခံအားကိုကောင်းစေတဲ့ ကြက်သွန်ဖြူနဲ့ တရုတ်နံနံတို့ကိုလည်း စားပေးပါ။ မိုးရာသီမှာ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေကနေ ကာကွယ်ပေးမယ့် လက်ဖက်စိမ်း လိုမျိုး ဆေးဖက်ဝင်လက်ဖက်ရည်ကြမ်းတွေကို သောက်သုံးသင့်ပါတယ်။

မိုးရာသီတွင် ရှောင်ရှားသင့်သော အစားအစာများ

Source: HerZindagl

ဖရဲသီး၊ သခွားသီးနဲ့တခြားအရည်ရွှမ်းတဲ့အသီးတွေကို ဈေးထဲက လှီးဖြတ်ပြီးသားဝယ်မစားသင့်ပါဘူး။ ကြက်ဥနဲ့ ပင်လယ်စာတွေကို မိုးရာသီမှာ အစိမ်းမစားသင့်ပါဘူး။ မုတ်သုံရာသီမှာ ငါးတချို့နဲ့ ပုဇွန်တွေကနေ ပြင်းထန်တဲ့အစာအိမ်ရောဂါပိုး ကူးစက်ခံရတတ်တာကြောင့် သတိထားသင့်တာဖြစ်ပါတယ်။ အစာမကြေဖြစ်စေနိုင်တဲ့အစားအစာတွေ၊ စမူဆာ၊ ဘာဂါတို့လို ဆီများတဲ့အစားအစာတွေနဲ့ အငန်များတဲ့ စားစရာတွေကို ရှောင်သင့်ပါတယ်။

လမ်းဘေးစာမစားပါနဲ့။ နောက်ထပ်အရေးကြီးတဲ့တစ်ချက်က သန့်ရှင်းတဲ့ရေကိုသောက်ဖို့ပါပဲ။ မိုးတွင်းမှာ ရေကိုကျိုချက်သောက်ပါ။ ရေသန့်စက် သို့မဟုတ် ရေသန့်ဘူးကရေကိုလည်း သောက်နိုင်ပါတယ်။ အစားမစားခင် အမြဲလက်ဆေးပါ၊ အသီးအရွက်တွေကို အစိမ်းစားခြင်း၊ အခွံမနွှာဘဲ သစ်သီးစားခြင်းများကို ရှောင်ကြဉ်ပါ။