ဘယ်သူမဆို စားလို့မြိန်ပြီး အိပ်လို့ကောင်းချင်ကြတာပါပဲ။ အိပ်ရာပေါ်မှာ တလူးလူး တလှိမ့်လှိမ့်နဲ့ အိပ်မပျော်ရတဲ့ ဒုက္ခဆိုတာ အတော်ကြီးလေးပါတယ်။ ဒါကြောင့်ပဲ အိပ်လို့ကောင်းစေမယ့် အကြံပြုချက်တွေ ထွက်လာတာ ဖြစ်ပါတယ်။ အခုပြောမယ့် အိပ်စက်မှု အကြံပြုချက်တွေက ရိုးရှင်းပြီး လူတိုင်း လုပ်ရလွယ်ကူတဲ့ နည်းတွေ ဖြစ်လို့ လွယ်လွယ်နဲ့ အိပ်မပျော်တတ်သူတို့ လုပ်ကြည့်သင့်ပါတယ်။

(၁) ခြေထောက်ကို နှမ်းဆီလူးပါ

Photo: Freepik

Natural Oil တွေဟာ စိတ်ရှုပ်ထွေးမှု သက်သာစေပြီး အိပ်စက်မှုကို မြှင့်တင်ပေးနိုင်ပါတယ်။ အိပ်မပျော်ဖြစ်နေရင် ခြေထောက်ကို နှမ်းဆီ အနည်းငယ်ကို ယူပြီး ခြေဖဝါးတွေ ခြေချောင်းတွေကို အနည်းဆုံး ငါးမိနစ်လောက် နှိပ်ပေးလိုက်ပါ။ ပြီးရင် ခြေအိတ်ကလေး ဝတ်ပြီး အိပ်ကြည့်ပါ။

(၂) နို့တစ်ဖန်ခွက်သောက်ပါ

Photo: Freepik

အိပ်လို့ မပျော်ဖြစ်နေသူတွေအတွက် ညဘက် နွားနို့တစ်ခွက်သောက်ခြင်းဟာ အိပ်လို့ကောင်းစေနိုင်ပါတယ်။ အယ်လ်မွန်စေ့ အနည်းငယ်လည်း စားပေးမယ်ဆိုရင် ပိုပြီး သိသာတဲ့ အကျိုးကို ပေးမှာ ဖြစ်ပါတယ်။

(၃) စိုထိုင်းဆ အထိန်းစက်ဖွင့်ထားပါ

Photo: Freepik

Humidifier ဟာ အိပ်စက်မှုအတွက် အဖော်ဖြစ်နိုင်ပါတယ်။ အိပ်ရင်းဟောက်တတ်သူတွေနဲ့ အသက်ရှုခက်နေသူတွေအတွက်ပါ အထောက်အကူပြုပါတယ်။ Humidifier လေး ဖွင့်အိပ်တော့ အိပ်လို့ကောင်းသွားတာပေါ့။

(၄) အသက်ရှုလေ့ကျင့်ခန်းလေး လုပ်ကြည့်ပါ

Photo: Freepik

အိပ်လို့မပျော် ဖြစ်နေရင် ၄-၇-၈ အသက်ရှုနည်းလေး သုံးကြည့်သင့်ပါတယ်။ အသက်ရှုထုတ်မှုကို ပါးစပ်ကနေပဲ လုပ်ရမှာပါ။ ပြီးရင် နှာခေါင်းကနေ ၄ အထိ ရေပြီး အသက်ရှုသွင်းလိုက်ပါ။ ၁ ကနေ ၇ အထိ ရေတွက်ပြီး အသက်အောင့်ထားပါ။ ပြီးရင်တော့ အသက်ရှုထုတ်မှုကို ၁ ကနေ ၈ ကြိမ်အထိ ရေတွက်ပြီး ရှုထုတ်လိုက်ရမှာ ဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းကို လုပ်ကြည့်ရင် အိပ်ရတာ ပိုကောင်းသွားမှာပါ။ သွေးတွင်းအောက်ဆီဂျင် level မြှင့်ပေးပြီး နှလုံးခုန်နှုန်းနှေးကွေးပြီး အမြန်အိပ်ချင်စိတ် ဖြစ်လာပါလိမ့်မယ်။