ပြီးခဲ့တဲ့ မေလ (၂၈) ရက်နေ့မှာတော့ လက်ရှိအေစီမီလန်အသင်းနည်းပြဖြစ်သူဂတ်တူဆိုနဲ့ အေစီမီလန်အသင်းတို့ တစ်ခန်းရပ်ဇာတ်သိမ်းခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ နည်းပြဂတ်တူဆိုဟာ အေစီမီလန်အသင်းနဲ့ ချုပ်ဆိုထားတဲ့စာချုပ်သက်တမ်းမှာ လာမယ့် ၂၀၂၁ ခုနှစ်မှ ကုန်ဆုံးမှာဖြစ်သော်လည်း နောက်နှစ်ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးခဲ့ခြင်းတာကြောင့် အသင်းတာဝန်ရှိသူတွေနဲ့ တိုင်ပင်ကာ အခုလိုနှစ်ဦးသဘောတူလမ်းခွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

နည်းပြဂတ်တူဆိုဟာ အေစီမီလန်အသင်းကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နိုဝင်ဘာလက စတင်ပြောင်းရွှေ့တာဝန်ယူခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ (၁၈) လနီးပါး ဖြတ်သန်းခဲ့တဲ့နည်းပြတစ်ဦး ဖြစ်ပါတယ်။

Source : acmilan.com

အသက် (၄၁) နှစ်အရွယ် နည်းပြဂတ်တူဆိုဟာ ပြီးခဲ့တဲ့၂၀၁၈-၁၉ ဘောလုံးရာသီရဲ့ စီးရီးအေပြိုင်ပွဲမှာ အေစီမီလန်အသင်းအား အဆင့် (၅) နေရာသာ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ နည်းပြဂတ်တူဆိုအနေနဲ့ ပြီးခဲ့တဲ့ စီးရီးအေရာသီပိတ်ပွဲစဉ်ဖြစ်တဲ့ SPAL အသင်းနဲ့ပွဲစဉ်မှာ အနိုင်ရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပေမယ့်လည်း ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့တာကြောင့် အေစီမီလန်အသင်းနဲ့ လမ်းခွဲရဖွယ်ရှိနေကြောင်း အဲ့ဒီအချိန်ကတည်းက သူကိုယ်တိုင်ဖွင့်ဟဝန်ခံခဲ့တာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အေစီမီလန်အသင်းဘက်မှ နည်းပြဂတ်တူဆိုနဲ့ နှစ်ဖက်ညှိနှိုင်းသဘောတူညီချက်အရ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း အတည်ပြုကြေငြာခဲ့တာဖြစ်ပါတယ်။

Source : FOX Sports Asia

အေစီမီလန်အသင်းရဲ့ ထုတ်ပြန်ကြေငြာချက်မှာလည်း နည်းပြဂတ်တူဆိုနဲ့ လမ်းခွဲလိုက်ပြီဖြစ်ကြောင်း ၊ အေစီမီလန်အသင်းအပေါ် အကောင်းဆုံးကိုင်တွယ်ခဲ့တဲ့အတွက် နည်းပြဂတ်တူဆိုကို ကျေးဇူးတင်ကြောင်း ၊ လာမယ့်အနာဂတ်မှာလည်း အသင်းအတွက် အကောင်းဆုံးပြင်ဆင်မှုတွေပြုလုပ်သွားမှာဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။

အေစီမီလန်အသင်းအနေနဲ့ နည်းပြဂတ်တူဆိုနေရာမှာခန့်အပ်မယ့် နည်းပြအသစ်ကိုတော့ လာမယ့်ရာသီကြို ခြေစမ်းပွဲ ICC ပြိုင်ပွဲမတိုင်ခင်မှာ ခန့်အပ်သွား နိုင်ဖို့စီစဉ်နေတယ်လို့ သိရပါတယ်။ နည်းပြ ဂတ်တူဆိုအနေနဲ့ အေစီမီလန်အသင်းကိုကိုယ်တိုင်ခဲ့တဲ့ ကာလတစ်လျောက်လုံး ပြိုင်ပွဲစုံ စုစုပေါင်း  (၈၃) ပွဲကိုင်တွယ်ကစားခဲ့ပြီး နိုင်ပွဲပေါင်း (၄၀) ကျော်စွမ်းဆောင်နိုင်ခဲ့ကာ ရှုံးပွဲ (၂၀) နဲ့ သရေပွဲ (၂၃) ပွဲ ရလဒ် စွမ်းဆောင်နိုင်ခဲ့တဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။

Source :beinsports.com