ဘာစီလိုနာဝါရင့်နောက်ခံကစားသမား ဂျရတ် ပီကေးက ဘာစီလိုနာအသင်းဟာ ယခုရာသီအစမှာ ခြေစွမ်းပိုင်း တည်ငြိမ်မှုမရှိပေမယ့်လည်း ဆုဖလားတွေအတွက် တိုက်ပွဲဝင်နိုင်ဆဲဖြစ်တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

စပိန်နောက်ခံကစားသမားဟာ ပြီးခဲ့တဲ့ကြာသပတေးနေ့ညနေခင်းက ကဒစ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲစဉ်ပြီးနောက် ဘာစီလိုနာအသင်းဂျာစီကို ဝတ်ဆင်ထားတာဟာ ချန်ပီယံဖြစ်ဖို့အတွက်သာဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Gerard Pique

Photo: Sportskeeda

“ကျွန်တော် အဆင့် ၂ ဒါမှမဟုတ် ၃ လောက်နဲ့ ရာသီပြီးဆုံးဖို့အတွက် ဘာကာ ဂျာစီကို ဝတ်ဆင်မှာမဟုတ်ပါဘူး။ ကျွန်တော် ဒီမှာရှိနေတာက ဆုဖလားတွေအတွက် ယှဉ်ပြိုင်ဖို့ပါ။ ကျွန်တော် အရမ်းကို ယုံကြည်မှု ရှိပါတယ်။ ရာသီအစပိုင်းမှာ စွမ်းဆောင်ရည်မကောင်းခဲ့ပေမယ့် ကျွန်တော်တို့ ယှဉ်ပြိုင်နိုင်မှာပါ။ အသင်းက စိတ်ဓာတ်ပိုင်းကောင်းမွန်တဲ့အခြေအနေမှာရှိနေပြီး စိတ်အားထက်သန်မှုလည်း ရှိနေပါတယ်။ တခါတလေမှာတော့ ဒီလိုအခိုက်အတံ့တွေကို ကျွန်တော်တို့ ရင်ဆိုင်ရမှာပါ။ ပရိသတ်တွေက ကျွန်တော်တို့နဲ့အတူ ရှိနေတယ်လို့ ကျွန်တော်တို့ ခံစားရပါတယ်။ အခြေအနေက အားလုံးအတွက် ရှုပ်ထွေးနေခဲ့ပါတယ်”

ဘာစီလိုနာအသင်းဟာ ၁၂ နှစ်လောက် ထိပ်သီးအသင်းကြီးတွေထဲမှာ ရှိနေခဲ့ပြီး အခုအချိန်မှာတော့ အခြေအနေက အနည်းငယ် ကွာခြားနေပြီလို့ ပီကေးက ထပ်လောင်းပြောကြားခဲ့ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပရိသတ်တွေကို ကတ်တလန်ထိပ်သီးအသင်းကြီးအတွက် သာမန်မဟုတ်တဲ့ အချိန်တွေမှာ အားပေးထောက်ခံမှုတွေ ပြုလုပ်ပေးကြဖို့ ပီကေးက တောင်းဆိုခဲ့ပါတယ်။

“ကျွန်တော်တို့ ၁၂ နှစ်လောက် ထိပ်သီးအသင်းကြီး ဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့ အခုအချိန်မှာ အတူတကွ စုစည်းနေရမှာပါ။ ကျွန်တော်တို့ အဆုံးအထိ ယှဉ်ပြိုင်သွားမှာပါ။ အဲဒါကို ဘယ်သူမှ သံသယမဖြစ်ပါနဲ့။ ကျွန်တော်တို့ ပရိသတ်တွေကို လိုအပ်တယ်။ ကျွန်တော်တို့ အစပိုင်း ခြေစွမ်းဆိုးခဲ့ရင်တောင်မှ သူတို့ကို ကျွန်တော်တို့အတွက် ကူညီခွင့်ပေးလိုက်ပါ။ ကျွန်တော်တို့နဲ့အတူ ပရိသတ်တွေရှိနေတာက ဘယ်လောက်တောင် ကောင်းလဲဆိုတာ ခင်ဗျား မသိပါဘူး”

Barcelona defender Gerard Pique takes a selfie with a fan

Photo: Financial Times

“အသင်းက နှစ်ပေါင်းများစွာ လှိုင်းဦးထိပ်မှာ ရှိနေခဲ့ပါတယ်။ ကျွန်တော်တို့ ကြုံနေကျမဟုတ်တဲ့ အခိုက်အတံ့ကို ဖြတ်ကျော်နေရပါတယ်။ ဥက္ကဌ အပြောင်းအလဲ၊ နည်းပြအပြောင်းအလဲ စတဲ့ ဒီလိုအချိန်တွေက လှိုင်းကြီးလေထန်တဲ့ နှစ်တွေဖြစ်ခဲ့ပြီး ကျွန်တော်တို့ စိတ်ကို ငြိမ်းငြိမ်းချမ်းချမ်းဖြစ်အောင် ကျွန်တော်တို့မှာရှိတဲ့ အကောင်းဆုံးတွေကို ပေးရပါမယ်။ အားလုံးက အနိုင် ရရှိချင်ကြတဲ့သူတွေချည်းပါပဲ”

ပီကေးက လက်ရှိခက်ခဲကြမ်းတမ်းတဲ့ ကာလကို ကျော်ဖြတ်နိုင်အောင် ၎င်းနဲ့ အသင်းဖော်တွေအားလုံးဟာ အကောင်းဆုံးကြိုးပမ်းသွားမှာဖြစ်တယ်လို့ နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။

“ခုဖြစ်နေတာကို ဖြေရှင်းဖို့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့အားလုံး စောဒကတက်နိုင်တယ် ဒါမှမဟုတ် အတူတူ ရုန်းကန်နိုင်တယ်။ ကစားသမားတွေက ဒီမှာရှိနေကြတာ ရုန်းကန်ကြဖို့ပါ။ ဟိုလိုလို ဒီလိုလိုတော့ မလုပ်ကြပါနဲ့။ ကျွန်တော်တို့ဟာ ဥက္ကဌနဲ့ရော နည်းပြနဲ့ပါ အတူတူရှိနေပါတယ်။ ကျွန်တော်တို့ ဆူညံသံတွေကို မထိန်းချုပ်နိုင်ပါဘူး။ ကျွန်တော်တို့ အဲဒီအကြောင်းကို မတွေးချင်ကြပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

Featured Photo: Newsclay