Godfather လို့ပြောလိုက်ရင် ၁၉၇၂ ခုနှစ်က ထွက်ခဲ့တဲ့ တသက်တာအကောင်းဆုံး ဂိုဏ်းစတားရုပ်ရှင်ကား The Godfather ကို အရင်ဆုံး သတိရမိကြမယ် ထင်ပါတယ်။ အခုပြောပြမယ့် စကော့ချ် ဝီစကီရဲ့ အရသာနဲ့ ခပ်ပြင်းပြင်းရှရှ Godfather ကော့လ်တေး ဟာ နာမည်ကြီး The Godfather ရုပ်ရှင်ဇာတ်ကားနဲ့ ဆက်စပ်မှု ရှိပါတယ်။ Godfather ကော့လ်တေးရဲ့ သမိုင်းကြောင်းကတော့အနည်းငယ် လျှို့ဝှက်ဆန်းကြယ်တယ်လို့ ပြောလို့ရပါတယ်။ ဘာလို့ဆို ဒီကော့လ်တေးကို ဘယ်သူက တီထွင်ဖန်တီးခဲ့တယ်ဆိုတာ မသိကြလို့ပါပဲ။
Photo : A Couple Cooks
ဒါပေမယ့် ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ အရမ်းကို လူကြိုက်များ ရေပန်းစားခဲ့တဲ့ ကော့လ်တေးတစ်ခွက် ဖြစ်ခဲ့ပါတယ်။ ၁၉၇၂ ခုနှစ်မှာတော့ မင်းသားကြီး မာလွန် ဘရန်ဒိုရဲ့ အကောင်းဆုံးသရုပ်ဆောင်ချက်တွေနဲ့ The Godfather ရုပ်ရှင်ဇာတ်ကား ထွက်လာခဲ့ပါတယ်။ ဇာတ်ကားမှာ မင်းသားကြီး မာလွန် ဘရန်ဒိုက စကော့ချ်ဝီစကီကို မကြာခဏ နှစ်ခြိုက်စွာသောက်လေ့ရှိတဲ့အတွက် The Godfather ရုပ်ရှင်ကို အစွဲပြုပြီး Godfather ကော့လ်တေးလို့ အမည်ပေးလိုက် ပုံရတယ်လို့ တော်တော်များများ ယူဆထားကြပါတယ်။
Godfather ကော့လ်တေးက စကော့ချ် ဝီစကီနဲ့ အီတလီ Liqueur တစ်မျိုးဖြစ်တဲ့ Amaretto တို့ နှစ်မျိုးတည်းကိုပဲ အလွယ်ကူအရိုးရှင်းဆုံး ရောစပ်ဖျော်ထားတဲ့ ကော့လ်တေးဖြစ်ပါတယ်။ စကော့ချ်ဝီစကီနဲ့ ချိုမြမြ Amaretto Liqueur တို့ရဲ့ ပေါင်းစပ်မှုက အတော်လေးအတွဲအစပ်ညီပြီး ပြည့်စုံခမ်းနားတဲ့ ပြင်းရှရှ ကော့လ်တေးအရသာကို ပေးစွမ်းပါတယ်။ ကဲဒါဆို ကွီးတို့အိမ်မှာပဲ Godfather ကော့လ်တေး တစ်ခွက် အလွယ်တကူ ဖျော်စပ်သောက်နိုင်ဖို့ ဖျော်စပ်နည်း အဆင့်ဆင့်ကို ကြည့်လိုက်ရအောင်ပါ။
Photo : A Couple Cooks
အရင်ဆုံး ကော့လ်တေးဖျော်စပ်ဖို့ နှစ်သက်ရာ ဖန်ခွက်တစ်ခုထဲကို Blended စကော့ချ်ဝီစကီ ၁ အောင်စခွဲ ၊ Amaretto အောင်စဝက် တို့ကို ရေခဲအနည်းငယ်နဲ့ ရောထည့်ပြီး အေးလာတဲ့အထိ မွှေပေးရပါမယ်။ ပြီးတဲ့အခါ Lowball ဖန်ခွက်ထဲကို ရေခဲအတုံးကြီးတစ်တုံးဖြည့်ပြီး စကော့ချ်ဝီစကီနဲ့ Amaretto အရောအစပ် ဖျော်ရည်ကို ဖြည်းဖြည်းချင်းလောင်းထည့်ပါ။ ဝီစကီရဲ့ ပိုပြီးပြင်းရှတဲ့အရသာကို ခံစားချင်ရင်တော့ အပေါ်ကနေ Single Malt ဝီစကီ အောင်စဝက်လောက် ထပ်ဖြည့်နိုင်ပါတယ်။ နောက်ဆုံးအနေနဲ့ ဖန်ခွက်အပေါ်မှာ သံပုယိုခွံလေး အလှဆင်ပြီး ဂိုဏ်းစတား တစ်ယောက်လို ခက်ထန်ပြင်းရှတဲ့ Godfather ကော့လ်တေး ရဲ့ အရသာကို မြည်းစမ်းသုံးဆောင်နိုင်ပြီ ဖြစ်ပါတယ်။
Featured Photo : UPROXX