ကားလောကမှာ အမေရိကန်ကားတွေကလည်း နာမည်တစ်လုံးနဲ့ နေတာပါ။ အမေရိကန်ကားတွေက အကြမ်းခံပြီး အင်ဂျင်ကောင်းတယ် ၊ စိတ်ချရပြီး အမျိုးအစားကောင်းတယ်ဆိုတဲ့ ဂုဏ်ရှိပါတယ်။ အမေရိကန်မှာ ထုတ်သည် ဆိုတဲ့ တံဆိပ်ကို ဂုဏ်ယူဝံ့ကြွားစွာ တပ်ဆင်ပြီး ကားလောကမှာ ဩဇာကြီးတဲ့ အမေရိကန်ကားတွေအကြောင်းကလည်း ကားချစ်သူ ကွီးတွေအတွက် စိတ်ဝင်စားစရာပါပဲ။ ဒါကြောင့်ပဲ ဒီတစ်ခေါက်မှာ အမေရိကန်ထုတ် ကားတွေထဲကမှ အခမ်းနားဆုံးလို့ သတ်မှတ်ထားကြတဲ့ ကားတချို့အကြောင်း မျှဝေတင်ဆက်လိုက်ရပါတယ်။

(၁) 1908 Ford Model T

1908-Ford-Model-T

Photo: NextLuxury

မော်ဒယ်နံပါတ်ကြည့်ရုံနဲ့ ကားလောကမှာ ဘယ်လောက် သက်တမ်းရင့်နေပြီလဲဆိုတာ သိနိုင်ပါတယ်။ အမေရိကန်ဖြစ်ကားတွေထဲမှာ 1908 Ford Model Tဟာ အကြီးကျယ်ဆုံးကားအဖြစ် သတ်မှတ်ရတဲ့အကြောင်းတစ်ခုက ဒီကားဟာ ဈေးကွက်ကိုဖြန့်ဖို့ ကမ္ဘာပေါ်မှာ ပထမဆုံး Mass-Produced လုပ်ပြီး ထုတ်တဲ့ ကားဖြစ်လို့ပါပဲ။ Ford ကားကုမ္ပဏီအတွက်လည်း ဂုဏ်ယူစရာမှတ်တိုင်တစ်ခု ဖြစ်ခဲ့ပါတယ်။

နောက်ထပ် စိတ်ဝင်စားစရာအချက်တစ်ခုကတော့ ၁၉၂၀ ပြည့်လွန်နှစ်တွေမှာ တစ်ကမ္ဘာလုံးက လမ်းတွေပေါ်မှာ ပြေးနေတဲ့ ကားတွေရဲ့ တစ်ဝက်ကျော်ဟာ Ford ကားတွေ ဖြစ်ခဲ့တာပါ။ 1908 Ford Model T ကတော့ ကားအစင်းရေ ၁၅ သန်းကျော် ထုတ်လုပ်ရောင်းချနိုင်ခဲ့ပါတယ်။ ၁၉၂၇ ရောက်မှ ထုတ်လုပ်မှု ရပ်ခဲ့တာ ဖြစ်လို့ ဘယ်လောက် အောင်မြင်သလဲဆိုတာ ပြောစရာတောင် လိုမှာ မဟုတ်ပါဘူး။

(၂) 1967 Ford Mark IV

1697-Ford-Mark-IV

Photo: NextLuxury

သမိုင်းတစ်လျှောက် အမေရိကန်ထုတ် အကောင်းဆုံး ပြိုင်ကားတွေထဲက တစ်စီးကတော့ 1967 Ford Mark IV ပါပဲ။ ဒီနေ့အထိလည်း ဒီကားဟာ ၂၄ နာရီကြာ ပြိုင်ရတဲ့ Le Man’s ကားပြိုင်ပွဲမှာ အနိုင်ရခဲ့တဲ့ တစ်ဦးတည်းသော အမေရိကန်ဖြစ်ကားအဖြစ် မှတ်တမ်းဝင်နေတာပါ။ 1967 Ford Mark IV ကို Ford အင်ဂျင်နီယာတွေ ဒီဇိုင်းထုတ်ခဲ့တာပါ။ စကားမစပ် ဒီသမိုင်းနဲ့ ဆက်စပ်နေတဲ့ ၁၉၆၅ Le Man ပွဲမှာ နာမည်ကျော် ပြိုင်ကားသမား ကန်မိုင်းစ်ပါဝင်တဲ့ ဇာတ်ကြောင်းကို Ford vs Ferrari ဆိုတဲ့ ရုပ်ရှင်မှာ ကြည့်နိုင်ပါတယ်။

ရေရှည်ပြေးနိုင်ပြီး အကြမ်းခံနိုင်အောင် တည်ဆောက်ထားတဲ့ 1697 Ford Mark IV မှာ မြင်းကောင်ရေ ၅၀၀ အားသုံး အကြီးစား ၇ လီတာ Ford V8 အင်ဂျင်တပ်ထားပါတယ်။ အဲ့ဒီခေတ်အနေအထားအရ မြင်းကောင်ရေ ၅၀၀ အားဆိုတာ တကယ့်ကို အံ့ဖွယ်ပါပဲ။ ဒီလိုအင်ဂျင်တပ်ထားတာဖြစ်လို့ 1967 Ford Mark IV ဟာ တစ်နာရီ မိုင် ၂၀၀ ကျော် ပြေးနိုင်တာ အံ့ဩစရာတော့ မဟုတ်ခဲ့ပါဘူး။

စိတ်ဝင်စားစရာကောင်းတာက ဒီမော်ဒယ်ဟာ ၁၉၆၇ ခုနှစ်က ၂၄ နာရီကြာ ကားမောင်းပြိုင်ရတဲ့ Le Man’s ပြိုင်ပွဲမှာ ပြိုင်ဘက် Ferrari ကို ကျော်ဖြတ်နိုင်ဖို့ စံချိန်တင် ပျမ်းမျှ မြန်နှုန်း တစ်နာရီ ၁၃၅.၈ မိုင်အထိ ပြေးခဲ့တယ်ဆိုတာပါပဲ။

(၃) 1957 Cadillac Eldorado Brougham

1957-Cadillac-Eldorado-Brougham

Photo: NextLuxury

၁၉၅၀ ပြည့်လွန်နှစ်တွေတုန်းက အမေရိကန်ထုတ် ဇိမ်ခံကားတွေထဲမှာ ဈေးအကြီးဆုံး စာရင်းဝင်တဲ့ Luxury Car တစ်စင်းက 1957 Cadillac Eldorado Brougham ဖြစ်ပါတယ်။ ဒီမော်ဒယ်ကို အဲ့ခေတ်က Rolls Royce တွေထက် ဈေးတင်ရောင်းနိုင်ဖို့ တကယ့် Luxury ဆိုတဲ့ features တွေ သုံးပြီး Hand-Built တည်ဆောက်ခဲ့တာပါ။ သတင်းတွေအရ အစင်းရေ ၄၀၀ ဖန်တီးတည်ဆောက်ခဲ့ပြီး လက်ရှိမှာ အရှားပါးဆုံးနဲ့ ရှာဖွေမှုအများဆုံး ကားစာရင်းမှာ ပါနေပြီလို့ ဆိုပါတယ်။

ပြောင်လက်နေတဲ့ စတိန်းလတ်စတီး အမိုး ၊ အများနဲ့ ကွဲထွက်နေတဲ့ အပြင်ကိုယ်ထည်အချိုး ၊ ရှေ့မီး ၄ လုံး ၊ Suicide Doors ( နောက်တံခါးပတ္တာကို နောက်ဘီးဘက်အခြမ်းထားတဲ့ တံခါးပုံစံ) ၊ လျှပ်စစ်အားသုံး ခလုတ်ဖွင့် ထိုင်ခုံတိုး/လျှော့စနစ် ၊ အလိုအလျောက် အရှိန်ထိန်းစနစ်စတဲ့ Features တွေ တပ်ဆင်ထားပါတယ်။ ဒါတင်မဟုတ်သေးပါဘူး။ အလိုအလျောက် နောက်ဖုံးဖွင့်စနစ် ၊ အဲကွန်းအအေးပေးနည်းပညာ ၊ အလူမီနီယံ ဘီး ၊ ပါဝါဝင်းဒိုးနဲ့ ထရန်စစ္စတာ ရေဒီယိုတို့လည်း ပါဝင်ပါတယ်။

အင်ဂျင်ပါဝါအနေနဲ့ ၃.၆ လီတာ V8 အင်ဂျင်နဲ့လာပြီး Four-Speed GM Hydra-Matic Transmission နဲ့ လာပါတယ်။

(၄) 1981 Jeep CJ-8 Scrambler

1981-Jeep-CJ-8-Scrambler

Photo: NextLuxury

အကောင်းဆုံး Jeep ကားတွေအကြောင်းပြောရင် 1981 Jeep CJ-8 Scrambler လည်း ပါပါတယ်။ ဘောာ်ဒီပုံစံအရ ထူးခြားပြီး နောက်မျိုးဆက် Jeep တွေ စံထားရတဲ့ ကားတစ်စင်းလည်း ဖြစ်ပေမယ့် ၁၉၈၀ ပြည့်လွန်နှစ်တွေက ဒီကားကို လူကြိုက်များခြင်း မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အမေရိကန်သမ္မတဟောင်းရဲ့ အနှစ်သက်ဆုံးကားထဲမှာ 1981 Jeep CJ-8 Scrambler လည်း ပါတယ်လို့ ဆိုပါတယ်။

မူလ 1981 Jeep CJ-8 Scrambler မှာ ငါးပေရှည် Cargo Bed တစ်ခု ပါရှိပြီး တံခါးခုံတစ်ခု ၊ ဘောနက်ဖုံး လော့စ် ၊ လေကာမှန်ပတ္တာ နဲ့ အကြီးစား Bumper တို့ ပါရှိပါတယ်။ နောက်ပိုင်းမှာ ဘက်စုံသုံးလို့ရပြီး စိတ်ချရတဲ့ Jeep ချစ်သူတွေအကြားမှာ ဒီမော်ဒယ်ဟာ နာမည်ကျော်ကြားလာခဲ့ပါတယ်။ ဘီးအထိုင်တွေ အဆင့်အတန်းမြင့်မားမှု ၊ ပြေးနေချိန် ညက်ညောမှုနဲ့ လမ်းပေါ်မှာ မောင်းနှင်လို့ ကောင်းမွန်ခြင်းတွေကြောင့် အကြီးကျယ်ဆုံး Jeep စာရင်းမှာ ထည့်သွင်းကြတာပါ။

Base Model ဟာ ကုဗလက်မ ၁၅၀ စလင်ဒါလေးလုံးတပ် အင်ဂျင်ဟာ မြင်းကောင်‌ရေ ၈၂ ကောင် ဆွဲအား သုံးထားပါတယ်။ ၁၉၈၁ မော်ဒယ်ကို Four-Speed Manual Transmission တပ်ဆင်ထားပြီး တစ်နာရီမိုင်နှုန်း ၇၅ မိုင်အထိ Top Speed တင်နိုင်အောင် ဆင်လာပါတယ်။

(၅) 1965 Ford Shelby Mustang GT350

1965-Ford-Shelby-Mustang-GT350

Photo: NextLuxury

ဆန်းသစ်မှုအရှိဆုံးနဲ့ ထူးခြားပေါ်လွင်တဲ့ အမေရိကန်ထုတ် High-Performance ကားတစ်စင်းကတော့ 1965 Ford Shelby Mustang GT350 ဖြစ်ပါတယ်။ ကားဒီဇီုင်း ၊ အသွင်အပြင်နဲ့ အင်ဂျင်စွမ်းဆောင်ရည် သာလွန်မှုတွေကြောင့် 1965 Ford Shelby Mustang GT350 ဟာ သမိုင်းမှာ ထင်ရှားတဲ့ အမေရိကန်ထုတ်ကားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ၁၉၆၅ မှာ Ford ကားကုမ္ပဏီဟာ ၁၉၆၀ Ford Falcon ပလက်ဖောင်းကို အခြေခံထားတဲ့ Original Mustangs တချို့ကို နာမည်ကျော် ကားဒီဇိုင်းနာ နဲ့ ပြိုင်ကားမောင်းသမား ကာရိုး ရှယ်လ်ဘီဆီ အပ်ပြီး အဆင့်မြှင့်တင်မှုတွေ လုပ်ခိုင်းခဲ့တာပါ။

ရှယ်လ်ဘီနဲ့ သူ့အဖွဲ့သားတွေဟာ Mustangs တွေကို အမိုက်စားပြုပြင်မြှင့်တင်မှုတွေ လုပ်ခဲ့ပြီးနောက် ဒီကားတွေကို 1965 Ford Shelby Mustang GT350 လို့ နာမည်ပေးခဲ့တာ ဖြစ်ပါတယ်။ 1965 Ford Shelby Mustang GT350 အစင်းရေ ၅၆၂ စင်းပဲ ထုတ်ခဲ့ပြီး ဒီကားတွေမှာ Ford ရဲ့ မြင်းကောင်ရေ ၃၀၆ ကောင်အား နဲ့ တစ်မိနစ် အပတ်ရေ ၆၀၀၀ ထုတ်နိုင်တဲ့ HiPO K-code 2.8 လီတာ V8 အင်ဂျင် တပ်ဆင်ထားပါတယ်။

Featured Photo: NextLuxury