တိုးတက်ဖို့ ရှေ့ဆက်ပြီး လုပ်ရတဲ့ အလုပ်တွေဟာ ခက်ခဲတာက များစမြဲပါ။ စိန်ခေါ်မှုတွေက အောင်မြင်ရေးအတွက် အရေးကြီးတဲ့ ပါဝင်ပစ္စည်းတွေ ဖြစ်ပါတယ်။ အောင်မြင်ချင်ရင် စိန်ခေါ်မှုတွေ ၊ အတားအဆီးတွေနဲ့ ရင်ဆိုင်ဖို့ လိုပါတယ်။ အောင်မြင်ရေးလမ်းကြောင်းမှာ အခုပြောမယ့် အတားအဆီး ၄ ခုက အများဆုံး ကြုံတွေ့နိုင်ပါတယ်။

(၁) ကြောက်စိတ်

Photo: Freepik

ကြောက်စိတ်က အောင်မြင်ရေးလမ်းကြောင်းပေါ် မရောက်အောင် ဆွဲချနေတဲ့ အဖျက်လက်နက်တစ်မျိုးပါပဲ။ ကြောက်နေရင် ရှေ့ဆက်တိုးတက်ဖို့ မလွယ်ပါဘူး။ ကိုယ့်ခန္ဓာကိုယ်တွင်းက ကြောက်စိတ်ဟာ ကိုယ်နဲ့အနီးဆုံး ရန်သူဖြစ်ပါတယ်။ ကြောက်စိတ်ကို ဖြေရှင်းဖို့ ရိုးရှင်းတဲ့ နည်းတစ်ခုက ကိုယ်ကြောက်တဲ့ အရာကြောင့် ဘာတွေ ဖြစ်လာနိုင်သလဲဆိုပြီး ကိုယ့်ဘာသာ ပြန်မေးခွန်းထုတ်/ပြန်အဖြေပေးတာပဲ ဖြစ်ပါတယ်။
အဆိုးဆုံးကြောက်စိတ်ဝင်လာရင် ဘာဖြစ်သွားနိုင်သလဲဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ယောင်ကြည့်ပါ။ ကြောက်စိတ်ကြောင့် ဆုံးရှုံးသွားမယ့်အရာတွေကို ပြန်တွေးကြည့်ပါ။ သေချာတာကတော့ ကြောက်စိတ်ဟာ အောင်မြင်မှုမရအောင် ဟန့်တားနိုင်တဲ့ အကြီးဆုံး အတားအဆီးတွေထဲက တစ်ခုဆိုတာပါပဲ။

(၂) ရှင်းလင်းပြတ်သားမှု မရှိခြင်း

Photo: Freepik

အနာဂါတ်နဲ့ ပတ်သက်ပြီး ကိုယ့်အမြင်တွေက ရှင်းလင်းတိကျမှု မရှိရင်လည်း အောင်မြင်မှုရဖို့ ခက်ပါတယ်။ ဘယ်ကိုသွားမလဲ မဆုံးဖြတ်ရသေးရင် ၊ ကိုယ့်ပန်းတိုင်က ဘယ်လောက်ကြာမှ ရောက်လောက်တဲ့ နေရာမှန်း မသိသေးရင် ကိုယ်ဘာဆက်လုပ်ရမလဲဆိုတာလည်း သိမှာ မဟုတ်ပါဘူး။ ဒါကြောင့် အောင်မြင်ချင်ရင် ကိုယ့်မက်ဆေ့ချ်က ရှင်းလင်းနေပါစေ။

(၃) ကိုယ့်အတွင်းစကားကို ကောင်းကောင်းမစောင့်ရှောက်ခြင်း

Photo: Freepik

တစ်နေ့တစ်နေ့ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုစကားတွေ ပြန်ပြောဖြစ်ပါသလဲ။ Self-Speak တွေက ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကိုပါ လွှမ်းမိုးခြယ်လှယ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် ပြောတဲ့ စကားလုံးတွေက အဆိုးမြင်တဲ့ စိတ်ဓါတ်ကျစရာ စကားတွေ ဖြစ်နေရင် ကိုယ့်ကိုယ်ကိုယ် အောင်မြင်မှု ရနိုင်မယ်လို့ ယုံကြည်ချက် အားနည်းသွားနိုင်ပါတယ်။ နေ့တိုင်းမှာ ကိုယ့်ကိုယ်ကိုယ် အောင်မြင်ရမယ်ဆိုတဲ့ နှိုးဆော်မှု လုပ်ထားဖို့ လိုပါတယ်။

(၄) မဖြစ်နိုင်တဲ့ ရည်မှန်းချက် ထားခြင်း

Photo:Freepik

မအောင်မြင်ရတဲ့ အကြောင်းအရင်းတွေထဲမှာ မဖြစ်နိုင်တဲ့ ရည်မှန်းချက် အမြင့်ကြီးတွေ ထားတာလည်း ပါပါတယ်။ ဒီလို ပြောလို့ အိပ်မက်ကြီးကြီး မမက်ရဘူးလားဆိုတော့ မဟုတ်ပါဘူး။ ကြောင်းကျိုးဆီလျော်ပြီး ဖြစ်သင့်ဖြစ်ထိုက်တဲ့ ရည်မှန်းချက်မျိုးထားဖို့ ပြောတာပါ။ နိုင်ငံတကာအဆင့် ကျောင်းပညာရေး မပြီးဘဲ အာကာသလေ့လာရေး ပညာရှင်ဖြစ်ဖို့ မျှော်လင့်တာမျိုးက ဝေးလွန်းပါတယ်။ ဖြစ်မလာရင် ချုံးချုံးကျ စိတ်ဓါတ်ကျသွားနိုင်လို့ဖြစ်ပါတယ်။