ခန့်ကြားကျော့ရှင်းတဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့ တစ်ကိုယ်ရေသန့်ရှင်းမှုရဲ့ အခန်းကဏ္ဍကလည်း မပါမဖြစ်အရေးပါပါတယ်။တစ်ကိုယ်ရေသန့်ရှင်းရေးဆိုတာ ရေပုံမှန်ချိုးရုံလောက်နဲ့တော့လုံလောက်တဲ့အရာတစ်ခုမဟုတ်ပါဘူး။ဒါကြောင့်ဒီနေ့မှာတော့အမျိုးသားတိုင်းမမေ့ထားသင့်တဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာ အကြံပြုချက်တွေကို မျှဝေပေးချင်ပါတယ်။

(၁) အမွှေးအမျှင်တွေကိုဖယ်ရှားပါ

Source : foreignpolicyi.org

မျက်နှာပေါ်က အမွှေးအမျှင် ငုပ်စိလေးတွေဟာ သင့်ရဲ့ ရုပ်သွင်ပြင်ကိုထိခိုက်စေပါတယ်။ ဒါကြောင့် မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးရိတ်တဲ့အခါ အမွှေးအမျှင်ငုပ်တိုလေးတွေကို သေချာရှင်းလင်းဖို့လိုပါတယ်။နောက်ထပ်တစ်ခုရှိတာက နှာခေါင်းမွေးပါ။ နှာခေါင်းမွေးအရှည်ကြီး ထွက်နေတာက အင်မတန်မှ ရုပ်ဆိုးစေပါတယ်။ဒါကြောင့် နှာခေါင်းမွှေးတွေရှည်နေတဲ့အခါ မမေ့မလျော့ဘဲ ညှပ်ပစ်ဖို့ အကြံပြုချင်ပါတယ်။

(၂) ခံတွင်းရနံ့ကို ဂရုစိုက်ပါ

Source : Pinterest

နေ့စဉ်နဲ့အမျှ လူတွေနဲ့ ထိတွေ့ဆက်ဆံစကားပြောရတဲ့အခါ ခံတွင်းရနံ့က အင်မတန်မှ အရေးပါလှပါတယ်။ဘလောက်ဈေးကြီးတဲ့ဝတ်စုံတွေ အသုံးဆောင်ပစ္စည်းတွေသုံးထားပါစေ ခံတွင်းရနံ့ ခပ်ဆိုးဆိုးထွက်နေရင်တော့ လူတွေက သင့်နောက်ကွယ်မှာ နှာခေါင်းရံှု့နေကြမှာသေချာပါတယ်။ ဒါကြောင့် တစ်နေ့ကို မနက်တစ်ကြိမ် ညတစ်ကြိမ် သွားပုံမှန်တိုက်ပေးသင့်ပြီး ၆ လတစ်ကြိမ်လောက်တော့ သွားကျန်းမာရေးစစ်ဆေးမှုခံယူသင့်ပါတယ်။

(၃) ဆံပင်စတိုင်ကိုအလေးထားပါ

Source : Wunderground

လူတစ်ယောက်ကိုအများကြီးပြောင်းလဲသွားစေတာက ဆံပင်ပဲဖြစ်ပါတယ်။ဆံပင်ကသေသေသပ်သပ်မရှိ ညှင်းသိုးသိုးဖြစ်နေမယ်ဆိုရင် ရုပ်ထွက်မှာမဟုတ်သလို ကြည့်ကောင်းမှာလည်း မဟုတ်ပါဘူး။ဒါကြောင့် ကိုယ့်ရဲ့ မျက်နှာပုံစံနဲ့ လိုက်ဖက်မယ့် ဆံပင်စတိုင်ကိုသေချာမှတ်ထားပြီး ဆံပင်အရှည်မခံဘဲ ၁ လတစ်ကြိမ်လောက်တော့ အမြဲပုံသွင်းနေဖို့ လိုအပ်ပါတယ်။

(၄) ရေဓာတ်ဖြည့်ပေးပါ

Source : Showbiz Cheat Sheet

ကျန်းမာတဲ့အသားအရေအတွက် ရေဓာတ်ကမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုလို့ပြောလို့ရပါတယ်။ရေများများသောက်ခြင်းဟာ ခန္ဓာကိုယ်မှ အဆိပ်အတောက်နဲ့ ဆဲလ်အသေတွေကို သဘာဝအတိုင်းဖယ်ရှားသန့်စင်ပေးပြီး အသားအရေကိုကြည်လင်လှပလာစေမှာဖြစ်ပါတယ်။ဒါကြောင့်ကြည်လင်ဝင်းပတဲ့အသားအရေပိုင်ဆိုင်ပြီး ကြည့်ကောင်းတဲ့သူတစ်ယောက်ဖြစ်ဖို့ ရေများများသောက်သုံးပေးရမှာဖြစ်ပါတယ်။

(၅) တစ်ကိုယ်ရည်သုံးပစ္စည်းတွေကို စနစ်တကျအသုံးပြုပါ

Source : iStock

တစ်ကိုယ်ရည်သုံးပစ္စည်းတွေဖြစ်တဲ့ မုတ်ဆိတ်ရိတ်ဓား ချွေးနံ့ပျောက်ဆေး မျက်နှာသစ်ဆေး ဘီး စတဲ့အရာတွေကို တစ်ယောက်တည်းသီးသန့် သေချာစနစ်တကျအသုံးပြုသင့်ပါတယ်။သူငယ်ချင်းတွေ မိသားစုတွေနဲ့ ဝေမျှအသုံးပြုခြင်းကိုအတက်နိုင်ဆုံးရှောင်သင့်ပါတယ်။မုတ်ဆိတ်ရိတ်ဓားလို ပစ္စည်းမျိုးတွေဆိုရင်လည်း တစ်ခါသုံးဖြစ်ပါကအသုံးပြုပြီးတာနဲ့ ပစ်လိုက်ပါ။တခြားသော အတွင်းခံဘောင်းဘီ ခြေအိတ်စတဲ့ ပစ္စည်းတွေကိုလည်း လောလောဆယ်အသုံးမပြုသေးတဲ့အခါမှာ သေချာလျော်ဖွတ်ပြီး သိမ်းဆည်းထားပါ။