ဘဝမှာ ထိပ်တန်းရောက် အောင်မြင်သူတွေ ၊ ကြွယ်ဝချမ်းသာတဲ့သူတွေ နဲ့ ထင်ပေါ်ကျော်ကြားသူတွေဆိုတာ ဘဝပေါင်းစုံက လာတာပါ။ သူတို့ရဲ့ အောင်မြင်ရေးနည်းနာတွေကလည်း တစ်ယောက်နဲ့တစ်ယောက် တူတာမဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့မှာ တူညီတဲ့ အကျင့်စရိုက်လေးတွေ ရှိတယ်ဆိုတာ တွေ့ရတတ်ပါတယ်။ ဘယ်လို အကျင့်လေးတွေလည်း ကြည့်ရအောင်ပါ။
(၁) စာဖတ်ခြင်း
Photo: Ape To Gentleman
ကမ္ဘာကျော်ကြား အောင်မြင်ထင်ရှားတဲ့ပုဂ္ဂိုလ်ကြီးတိုင်းဟာ စာဖတ်ရတာ မွေ့လျော်ပျော်ပိုက်သူတွေ ဖြစ်ကြပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး ဉာဏ်ကြွယ်သူဌေးကြီးတွေ ဖြစ်တဲ့ အီလွန်မတ်စ် ၊ ဘီလ်ဂိတ်စ်နဲ့ ဝါရင်ဘတ်ဖတ်တို့ဆိုရင် နေ့တိုင်း စာဖတ်ကြတယ်လို့ ဆိုပါတယ်။ စာဖတ်တာဟာ ကျန်းမာရေးအကျိုးကျေးဇူးများတဲ့ အလေ့အကျင့်တစ်ခုလည်း ဖြစ်ပါတယ်။ စာဖတ်ခြင်းအားဖြင့် စိတ်ဖိစီးမှုလျော့ပါးပြီး စိတ်ကူးယဉ်မှုကို ဆန့်ထုတ်နိုင်သလို စိတ်ခွန်အားပေးနိုင်ခြင်း ၊ ဦးနှောက်ကို အလုပ်ပေးနိုင်ခြင်းနဲ့ စိတ်သက်သာရာရအောင် ဖျော်ဖြေပေးနိုင်ခြင်း စတဲ့ အကျိုးတွေ ရရှိမှာပါ။
(၂) လူမှုကွန်ရက် တိုးချဲ့ခြင်း
Photo: Ape To Gentleman
အောင်မြင်သူတွေဟာ လူအချင်းချင်း ကူးလူးဆက်သွယ်မှုရဲ့ အရေးပါမှုအကြောင်းကို ကောင်းကောင်းကြီး သိနားလည်သူတွေ ဖြစ်ပါတယ်။ လူ့ကွန်ရက် Network ဖွဲ့ခြင်းကနေ ရလာတဲ့ အခွင့်အရေးတွေကို မြင်ထားပြီး အဆက်အသွယ်သစ်တွေကိုပါ ရှာဖွေနိုင်အောင် ကိုယ့်ကိုယ်ကိုယ် လမ်းဖွင့်ထားတတ်ပါတယ်။ လူတွေနဲ့ များများပေါင်းသင်းခြင်းဟာ အသိပညာအမြင်သစ်တွေ ရပြီး အတွေးအခေါ်ကောင်း ၊ အကြံဉာဏ်ကောင်းတွေ ကြားသိရနိုင်ပါတယ်။
အခုခေတ်မှာဆို လူအချင်းချင်း အပြင်မှာ မျက်နှာချင်းဆိုင် တွေ့စရာမလိုဘဲ Social Media တွေ ၊ Zoom တို့ Slack ၊ LinkedIn တို့လို Tools တွေကနေပါ ဆက်သွယ်နိုင်ပြီ ဖြစ်လို့ ဆက်သွယ်ရေးလမ်းကြောင်း ပွင့်သွားပြီလို့တောင် ဆိုနိုင်ပါတယ်။ ဒီအခွင့်အရေးကို အသုံးချပြီး အောင်မြင်သူတွေဟာ သူတို့မမြင်ဖူးတဲ့လူတွေနဲ့ အဆက်အသွယ်လုပ်ပြီး နှစ်ဦးနှစ်ဖက် ကြီးပွားတိုးတက်စေဖို့ လုပ်ငန်းတွေ လုပ်ကြပါတယ်။
(၃) မနက်ခင်းစောစော ထခြင်း
Photo: Ape To Gentleman
အောင်မြင်တဲ့သူအများစုဟာ အိပ်ရာစောစောထတဲ့သူတွေ ဖြစ်ကြပါတယ်။ ကမ္ဘာကျော် Apple CEO တင်မ်ကွတ်ဟာ မနက် ၄ နာရီခွဲ ၊ Xerox CEO အာဆူလာဘန်းစ်ဟာ မနက် ၅ နာရီ နဲ့ Proctor & Gamble CEO အေဂျီလက်ဖ်လီဟာ မနက် ၅ နာရီခွဲမှာ အိပ်ရာက ထလေ့ရှိတယ်လို့ ဆိုပါတယ်။
အိပ်စက်မှုဆိုင်ရာ သုတေသနတွေအရ မနက်ဖက်မှာ ပုံမှန်ထက် ၁၅ မိနစ် စောပြီး အိပ်ရာက ထရုံနဲ့တင် လူရဲ့ လုပ်ဆောင်နိုင်စွမ်းဟာ ပိုတိုးတက်လာတာ တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ စောစောစီးစီး အိပ်ရာက ထသူတွေဟာ ပုံမှန်လူတွေထက် ပိုပြီး နိုးနိုးကြားကြားရှိပြီး စိတ်ကြည်လင်လန်းဆန်းတဲ့အကျိုးကို ခံစားရလေ့ရှိပါတယ်။
(၄) တရားထိုင်ခြင်း
Photo: Ape To Gentleman
တရားထိုင်တယ်ဆိုတာ ဘာသာရေးကိစ္စဆိုတဲ့ နယ်ပယ်ကို ကျော်လွန်လာပြီ ဖြစ်ပါတယ်။ အောင်မြင်ကျော်ကြားသူတွေဟာ စိတ်ကို ငြိမ်းချမ်းကြည်လင်ပြီး စူးစိုက်မှုမြင့်မားစေအောင် တရားထိုင်ကြပါတယ်။ မနက်ဘက် မိနစ် ၂၀ နာရီဝက်လောက် ပုံမှန်တရားထိုင်ရုံနဲ့တင် စိတ်နေစိတ်ထား မှန်ကန်လာပြီး အတွေးအခေါ်ကြည်လင်မှု သိသိသာသာ တိုးတက်နိုင်ပါတယ်။