တစ်ချို့လူတွေဟာ မွေးကတည်းက လူတော်ဖြစ်စေသတည်းလို့များ နဖူးမှာ စာထိုးပြီး လူဖြစ်လာသလား အောက်မေ့အောင် တော်ပါတယ်။ ဒါပေမယ့် လူတော်အများစုဟာ သူတို့ရဲ့ လုံ့လ ၊ ဝီရိယနဲ့ အလေ့အကျင့်ကောင်းတွေကြောင့် လူတော်ဖြစ်လာတာပါ။ သင်လည်း လူတော်ဖြစ်ချင်ရင် တကယ်တော်အောင် ကြိုးစားခဲ့သူတွေရဲ့ ဒီအလေ့အကျင့်ကို မွေးယူဖို့ လိုပါတယ်။

(၁) ထက်အောင် သွေးတယ်

Photo: Freepik

သေလောက်အောင် အလုပ်ကြိုးစားစရာ မလိုပါဘူး။ သင့်အားထုတ်မှုသာ အလုပ်ဖြစ်ဖို့ လိုပါတယ်။ အင်္ဂလိပ်စကားမှာ Sharpen The Saw သင့်လွှကို သွေးပါ ဆိုတဲ့ စကားရှိပါတယ်။ သင့်ကိုယ်သင် ထူးချွန်စေဖို့ အချိန်ပေးပါ။ သင့်အသိပညာရေချိန်ကို မြှင့်တင်ပါ။ ရေရှည်မှာ သင့်ရဲ့ လွှနဲ့ တူတဲ့ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်အောင် သွေးနေတဲ့ အလေ့အထဟာ သင့်ကို တကယ်တော်တဲ့သူ ဖြစ်စေမှာပါ။

(၂) စိတ်ထဲမှာ အဆုံးကို တွေးပြီး စတင်ပါ

Photo: Pixabay

သင့်ဘဝမှာ ရည်မှန်းချက်မရှိဘဲ အလုပ်တွေ လုပ်ရင်း မကုန်ဆုံးစေဖို့ အ‌ရေးကြီးပါတယ်။ အနာဂါတ်အတွက် အမြင်ထားပါ။ သင့်ရဲ့ နိစ္စဒူဝလုပ်ဆောင်ချက်တွေကို သင်မျှော်လင့်ထားတဲ့ ပန်းတိုင်နဲ့ နီးစပ်အောင် ချိန်ညှိပြီး လုပ်‌ဆောင်ပါ။ ရေကူးနေသူတစ်ယောက်လို ပန်းတိုင်ကို မျက်လုံးထဲ မြင်နေပြီး ကူးခတ်နေရမှာ ဖြစ်ပါတယ်။

(၃) အရေးကြီးတာ အရင်လုပ်ပါ

Photo: Freepik

First Things First ဆိုတဲ့ စကားကို အလုပ်လုပ်တိုင်း ခေါင်းထဲထားပါ။ အရေးကြီးတာတွေ အရင်လုပ်ခြင်းဟာ ဘဝမှာ ဘာကို ဦးစားပေးရမလဲဆိုတာ မြင်အောင် လေ့ကျင့်နေတာ ဖြစ်ပါတယ်။ ဦးစားပေး လုပ်စရာတွေကို ဦးစားပေးခြင်းဟာ အရေးမပါတာတွေကို ခွာချရာရောက်ပါတယ်။ ဘဝမှာ အရေးမပါတာတွေကြောင့် အာရုံမနောက်ရတာလည်း ကုသိုလ်ပါပဲ။

(၄) နားလည်အောင် အရင်လုပ်

Photo: Freepik

ပြဿနာတစ်ခုခုကို တစ်ယောက်ယောက်က လာပြီး တင်ပြလာတဲ့အခါ အဖြေကဘာလဲ ဆိုတာကို ကျော်ကြည့်တာ ကျွန်တော်တို့ လုပ်နေကျ အမှားလို ဖြစ်နေပါတယ်။ တကယ်က ကျွန်တော်တို့ဟာ ပြဿနာကို အရင်နားလည်အောင် နားထောင်ရမှာပါ။ သင်နားမလည်တဲ့အရာကို ဖြေရှင်းလို့ မရပါဘူး။

(၅) နှစ်ဖက်အကျိုးကြည့်ပါ

Photo: Freepik

လူတော်ဆိုတာ ဦးနှောက်ကောင်းရုံနဲ့ မပြီးပါဘူး။ လူလောကအတွက်လည်း အသုံးကျတဲ့ လူတစ်ယောက်ဖြစ်ဖို့ လိုပါသေးတယ်။ သူ့အကျိုး ကိုယ့်အကျိုး Win-Win သဘောတရားကပဲ ပိုကောင်းတဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ဖို့ အခြေခံအုတ်မြစ် ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းဟာ အသုံးကျသူကိုပဲ လက်ခံနေရာပေးပါတယ်။
သင်ဘယ်လောက်တော်တော် သင့်အတွက် နေရာမရှိတဲ့ နေရာမှာ သင့်အစွမ်းပြနိုင်မှာ မဟုတ်ပါဘူး။ နှစ်ဦးနှစ်ဘက် အကျိုးကြည့်တဲ့ လူတော်ဟာ ကိုယ့်အကျိုးတစ်ခုတည်း မြင်တဲ့ လူတော်တစ်ယောက်ထက် အဆပေါင်းများစွာ သာပါတယ်။