အမျိုးသားတစ်ယောက်ဟာ ရုပ်ချောဖို့ထက်ရုပ်ရည်သွင်ပြင်သန့်သန့်ပြန့်ပြန့်နဲ့ စွဲဆောင်မှုရှိဖို့က ပိုအရေးပါပါတယ်။ ရုပ်ရည်သန့်ပြန့်ပြီး စွဲဆောင်မှုရှိသူတွေဟာ လူတွေရဲ့အထင်ကြီးမှုကို ခံရသလို အမျိုးသမီးတွေကြားမှာ ပိုမိုထင်ပေါ်ကျော်ကြားလေ့ရှိပါတယ်။ ကဲဒါဆို ရုပ်ရည်သန့်ပြန့်ပြီး စွဲဆောင်မှုရှိတဲ့အမျိုးသားတစ်ယောက်ဖြစ်ဖို့ ဘာတွေလုပ်ရလဲဆိုတဲ့အချက်လေးတွေကိုပြောပြပေးချင်ပါတယ်။

(၁) အသားအရေထိန်းသိမ်းပါ

Source : Freepik

ပထမဆုံးအနေနဲ့ အသားအရေးထိန်းသိမ်းဖို့က နံပါတ်တစ်အရေးပါပါတယ်။ အသားအရေစိုပြေကည်လင်နေခြင်းကလည်း လူတစ်ယောက်ရဲ့ရုပ်ရည်ကိုပိုထင်းစေပြီး နုပျိုတဲ့အသွင်ကိုဆောင်စေပါတယ်။ ဒါကြောင့် အပြင်ထွက်ရင် နေလောင်ကာခရင်မ်လိမ်းတာ ၊ အစိုဓာတ်ထိန်းခရင်မ်လိမ်းတာ ၊ ညတိုင်းမျက်နှာသစ်အိပ်တာ စတဲ့အချက်လေးတွေကိုလုပ်ဆောင်ပေးဖို့လိုမှာပါ။

(၂) ဆံပင်ပုံကောင်းကောင်းညှပ်ပါ

Source : iStock

ဆံပင်ပုံစံက လူတစ်ယောက်ကို အများကြီးပြောင်းလဲသွားစေနိုင်ပါတယ်။ ဆံပင်ကလူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့ပြောကြတဲ့အတိုင်း သပ်သပ်ရပ်ရပ်နဲ့ ကိုယ့်ရဲ့မျက်နှာကျနဲ့ လိုက်ဖက်တဲ့ ဆံပင်ပုံစံကိုသေချာပုံသွင်းထားဖို့လည်း မဖြစ်မနေလိုအပ်ပါတယ်။ ဆံပင်ကိုဖြစ်သလိုကြုံရာဆိုင်မှာညှပ်တာထက် ဆိုင်ကောင်းကောင်းမှာ ကိုယ့်နဲ့အမြဲညှပ်နေကျ အထာသိတဲ့ ဆံသဆရာနဲ့သာ ညှပ်ဖို့အကြံပြုချင်ပါတယ်။

(၃) ဝတ်စားဆင်ယင်မှုကိုအလေးထားပါ

Source : The Hust

အရေးကြီးဆုံးအပိုင်းပါပဲ။ လူတစ်ယောက်ရဲ့ ဝတ်စားဆင်ယင်မှုပေါ်မူတည်ပြီး စွဲဆောင်မှုရှိတယ် မရှိဘူးဆိုတာ အများကြီး ကွဲပြားသွားပါတယ်။ ဒါကြောင့် အဝတ်အစားဝတ်တဲ့အခါ သပ်သပ်ရပ်ရပ်ရှိဖို့ ခန္ဓာကိုယ်အချိုးအစားနဲ့ ကိုက်ညီတဲ့ ဆိုဒ်ကိုရွေးချယ်ဝတ်ဆင်ဖို့ နေရာဒေသအလိုက် လိုက်ဖက်မှုရှိအောင်ဝတ်တက်ဖို့ လိုအပ်ပါတယ်။

(၄) အနံ့အသက်ကင်းပါစေ

Source : Develop Attraction

ခန္ဓာကိုယ်အနံ့အသက်တွေကလည်း လူတစ်ယောက်ရဲ့ ရုပ်ရည်သွင်ပြင်နဲ့ စွဲဆောင်မှုရှိခြင်းအပေါ် အကျိုးသက်ရောက်မှုရှိပါတယ်။ ဒါကြောင့် တကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ပါ။ ချွေးနံ့ပျောက်ဆေး ၊ ယောကျ်ားပီသတဲ့ ရေမွေးအနံ့ တွေသုံးပါ။ အတွင်းခံနဲ့ခြေအိတ်တွေကို ပုံမှန်လျော်ဖွတ်လဲလှယ်ပြီးဝတ်ပါ။ မျက်နှာနဲ့ ခန္ဓာကိုယ်ပေါ်ကအမွေးအမျှင်တွေဖယ်ရှားရှင်းလင်းပါ။ သွားနဲ့ခံတွင်းကျန်းမာရေးကိုလည်း ဂရုစိုက်ပေးဖို့လိုပါမယ်။