Relationship တစ်ခု ခိုင်မာမြဲမြံဖို့ဆိုတာ မလွယ်ပါဘူး။ နှစ်အကြာကြီး မဖောက်မပြား မပျက်မစီးတဲ့ အချစ်ရေးတစ်ခုကို ပုံဖော်ခဲ့သူတွေမှာ ထူးခြားမှုတွေ ရှိပါတယ်။
အပြန်အလှန်ဆက်သွယ်မှု ရှိတယ်
Photo: Freepik
တစ်ယောက်နဲ့တစ်ယောက်အကြား အစေးကပ်စေတဲ့ အကြောင်းတရားတစ်ခုက တစ်ဦးနဲ့တစ်ဦး နားလည်အောင် ဆက်သွယ်မှုပြုတာပါပဲ။ ဆက်သွယ်တယ်ဆိုတာ မျှဝေတာ ၊ တစ်ယောက်စကားတစ်ယောက် စိတ်ဝင်တစား နားထောင်တာတွေလည်း ပါဝင်ပါတယ်။
လူဆိုတာ အဆင်မပြေတဲ့ အချိန်တွေ ၊ ဝမ်းသာကြည်နူးရတဲ့ အချိန်တွေ ဆိုတာ ကြုံစမြဲဖြစ်ပြီး အဲဒီအတွေ့အကြုံကို ကိုယ်နဲ့ ရင်းနှီးသူနဲ့ ဆက်သွယ်မျှဝေလိုတာ သဘာဝပဲ ဖြစ်ပါတယ်။ ဒီအချက်ကို အကြာကြီးလက်တွဲဖြတ်သန်းခဲ့တဲ့ စုံတွဲတွေက အသုံးချပါတယ်။
တစ်ယောက်ရဲ့ အကောင်းဆုံးအရာကို တစ်ယောက်သိတယ်
Photo: Freepik
ချစ်သူတွေအကြားမှာ ရေရှည်ခိုင်မြဲတဲ့ လက်တွဲမှုဖြစ်ဖို့အတွက် လေးစားမှု လိုပါတယ်။ လေးစားအထင်ကြီးမှုဖြစ်ဖို့အတွက် တစ်ယောက်ဆီမှာ ရှိထားတဲ့ အကောင်းမွန်ဆုံးသော ထူးခြားမှုတွေကို သိမှ ဖြစ်မှာပါ။ လှလို့ တွဲရုံသက်သက် Relationship တစ်ခုဟာ ဒုက္ခသုက္ခနဲ့ ပွတ်တိုက်ချိန်မှာ ချက်ချင်းကွာကျမယ့် အရာဖြစ်ပါတယ်။ တကယ်မြဲတဲ့ စုံတွဲတွေဟာ ကိုယ့်ချစ်သူကို အမြဲပဲ ချီးကျူးစရာအဖြစ် မြင်စရာလေးတွေ ရှိထားတတ်ပါတယ်။
အားပေးနားလည်မှု ရှိတယ်
Photo: Freepik
စိတ်ပိုင်း ရုပ်ပိုင်းအားဖြင့်ရော အပြန်အလှန်ပံ့ပိုးမှု မရှိရင် အချစ်ရေးဟာ တည်မြဲတာရှည်ဖို့ မလွယ်ပါဘူး။ လူဟာ Physical Support အပြင် Emotional Support ပါ လိုပါတယ်။ ကျဉ်းထဲကြပ်ထဲမှာ နားလည်ပံ့ပိုးပေးမယ့် လက်တွဲဖော်ဟာ တကယ့်အားဆေးပါ။ ဒါကြောင့်ပဲ လက်တွဲဖော်လို့ ခေါ်တာ ဖြစ်ပါတယ်။
တူမျှတဲ့ ဝါသနာတွေ ရှိတယ်
Photo: Freepik
စရိုက်မတူတဲ့ သူနှစ်ယောက်ဟာ အကြာကြီး လက်တွဲဖို့ မလွယ်ပါဘူး။ ဝါသနာ ၊ ဓလေ့စရိုက် တူတဲ့ စုံတွဲတွေဟာ ပြတင်းတစ်ပေါက်တည်းကနေ အပြင်လောကကို ကြည့်သလို အမြင်တူမျှကြပါတယ်။ အမြင်တူခြင်းဟာ ပိုပြီး နီးစပ်စေတဲ့ အကြောင်းတရားပါ။ ဒီအကြောင်းတရားကြောင့်ပဲ ချစ်သူတွေဟာ နှစ်တွေအကြာကြီး အချစ်ရေးခိုင်မြဲကာ ပျော်ပျော်ကြီး လက်တွဲဖြစ်ကြတာ ဖြစ်ပါတယ်။