အောင်မြင်ချင်ရင် ကိုယ့်ပတ်ဝန်းကျင်က တိုးတက်အောင်မြင်တဲ့သူတွေဆီက သင်ရတယ်လို့ ပြောကြပါတယ်။ လူအများစုရဲ့ ပတ်ဝန်းကျင်ကတော့ A-Class ပုဂ္ဂိုလ်ကျော်တွေ စုဝေးတဲ့ ပတ်ဝန်းကျင်လည်း ဟုတ်ချင်မှ ဟုတ်မှာပါ။ ဒါပေမယ့် အရှုံးထဲက အမြတ်၊ အဆိုးထဲက အကောင်းဆိုသလို ယူတတ်ရင် ရပါတယ်။ ဘယ်လိုယူတတ်ရင်ရသလဲဆိုရင်တော့ မအောင်မြင်တဲ့သူတွေ လုပ်တတ်တဲ့ အကျင့်တွေကို ရှောင်ရှားဖို့ ဖြစ်ပါတယ်။ ဘယ်လို အကျင့်တွေလဲဆိုတော့ –
(၁) ဝေဝါးလွန်းတယ်

Photo: Freepik
အရှုံးတွေနဲ့ လုံးလည်လိုက်နေသူတွေဟာ အမြဲလိုလို မရေရာ မသေချာတဲ့ စိတ်နဲ့ နေပါတယ်။ အနာဂါတ်အကြောင်း ပြောရင် လမ်းပျောက်နေတတ်ပြီး ဘာမှလည်း မယ်မယ်ရရ ပြင်ဆင်ထားတာ မရှိပါဘူး။ ဒီလိုအကျင့်တွေကို သင့်ဘဝထဲ ယူမလာပါနဲ့။ ပြတ်သားတဲ့ ပန်းတိုင်တစ်ခုထားပြီး ဦးတည်ချက်မပျောက်တမ်း လမ်းလျှောက်ရမှာပါ။
(၂) အပြောပဲ ရှိတယ်

Photo: Freepik
စကားကတော့ လူတိုင်း လည်သလို ပြောလို့ရပါတယ်။ တကယ်တမ်း လုပ်ရပ်တွေက သက်သေပါ။ လေတစ်လုံး မိုးတစ်လုံးနဲ့ ကောင်းကင်ကို ဒူးနဲ့တိုက်မတတ်ပြောပြီး ခြေတဆဆနဲ့ ဘယ်တော့မှ တကယ်ဖြစ်မလာတဲ့ စကားလုံးတွေနဲ့ပဲ ပိတ်လှောင်နေသူတွေကို ရှောင်ပါ။
(၃) အနာဂါတ်မဲ့သူတွေနဲ့ ပေါင်းတယ်

Photo: Freepik
ကိုယ်နဲ့ ပေါင်းတဲ့သူတွေကလည်း ကိုယ့်ရဲ့ Potential ကို အဆုံးအဖြတ်ပေးနိုင်တယ်ဆိုတာ သိထားပါ။ ရည်ရွယ်ချက်မဲ့ပြီး ဘာကိုမှ ဟုတ်တိပတ်တိ ဖြစ်ဖြစ်မြောက်မြောက် လုပ်ချင်စိတ်မရှိသူတွေနဲ့ ပေါင်းရင် ကိုယ်လည်း သူတို့လို ဖြစ်သွားနိုင်တယ်ဆိုတာ ကြိုတွေးထားသင့်ပါတယ်။
(၄) အချိန်မလေးစားဘူး

Photo: Freepik
အောင်မြင်တဲ့သူတွေဟာ အချိန်ကို တစ်မိနစ်ကအစ တန်ဖိုးထားတတ်ပါတယ်။ အချိန်ကို ဟိုရွှေ့ဒီရွှေ့နဲ့ ဝီရိယမထား ကြောင့်ကြမဲ့နေသူမျိုးဟာ အောင်မြင်လာခဲ့ရင်တောင် ကြာကြာခံမှာ မဟုတ်ပါဘူး။ အချိန်ကို လေးစားတဲ့သူကတော့ မအောင်မြင်သေးရင်တောင် အောင်မြင်ဖို့အတွက် အခြေအနေကောင်းတွေ ပိုင်ဆိုင်ဖို့ အလားအလာများမှာ ဖြစ်ပါတယ်။
(၅) သင်ယူမှုမရှိဘူး

Photo: Freepik
သင်ယူလေ့လာခြင်းဟာ အခက်ဆုံးအလုပ်တွေထဲမှာ ပါပါတယ်။ လေ့လာမှုဟာ ရုန်းကန်မှုပါပဲ။ ဒီလို ရုန်းကန်ရမှာ ကြောက်လို့ပဲ လူတော်တော်များများဟာ စာအုပ်တွေ ကောက်မဖတ်တာ ၊ အမှားတွေကနေ ပိုကောင်းအောင် သင်ခန်းစာမယူကြတာ ဖြစ်ပါတယ်။
အောင်မြင်ချင်ရင် အစဉ်တစိုက် သင်နေရပါမယ်။ သင်ကြားခြင်းဟာ ပိုသိစေပါတယ်။ ပိုသိသူဟာ ပိုကောင်းတဲ့ဘဝတစ်ခုကို ပဲ့ကိုင်နိုင်ပါလိမ့်မယ်။
